ပင်နယ်တီနဲ့ ဆိုပေမယ့် အဝေးကွင်း နိုင်ပွဲကောင်း ရခဲ့တဲ့ ယူနိုက်တက်၊ နည်းပြ အမ်မိုရင်းရဲ့ ဝံ့ကြွားမှု

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက အဝေးကွင်းမှာ ပြိုင်ဘက် အာဆင်နယ်ကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး အက်ဖ်အေဖလားမှာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

သာမန်ပွဲကစားချိန်အတွင်း ၁-၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ကစားပေမဲ့ ဂိုးထပ်မသွင်းနိုင်တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာတော့ အခုပွဲမှာ တစ်ပွဲလုံး လွဲချော်နေတဲ့ ဟာဗတ်ဇ်က ပင်နယ်တီဝင်အောင် မသွင်းနိုင်ဘဲ ယူနိုက်တက်အသင်းက အကြိမ်တိုင်း ဂိုးဝင်ခဲ့တာကြောင့် ၅-၃ ဂိုးနဲ့အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

အက်ဖ်အေဖလား ချန်ပီယံဖြစ်အောင် ကြိုးစားမယ်လို့ ကြွေးကြော်ရင်း ပြိုင်ပွဲထဲ ဝင်လာတဲ့ အမ်မိုရင်းအား အာတီတာရဲ့ အာဆင်နယ်နည်းပြဘဝ ၆ နှစ်ကာလအတွင်း ပိုင်ဆိုင်ထားတဲ့ ဆုဖလားအောင်မြင်မှုကို အမှီလိုက်ဖို့လည်း ခြေတစ်လှမ်း နီးခဲ့ပါပြီ။

ပွဲအပြီးမှာ နည်းပြအမ်မိုရင်းက ” ကျနော်တို့ အသင်းကောင်းတစ်သင်းကို အနိုင်ရခဲ့တာပါ။ ဒါက မိနစ် ၉၀ ပွဲတစ်ပွဲတင် မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့် အဲ့ဒီထက်ပိုတယ်လို့ ခံစားရပါတယ်။

အာဆင်နယ်က ဘောလုံးကို တစ်ချိန်လုံး ထိန်းချုပ်ထားပေမယ့် ကျနော် ကစားသမားတွေက စတေးခံခဲ့ကြတယ်။ ဒါပေမယ့် နောက်အဆင့်ကို ထိုက်ထိုက်တန်တန်လည်း ကျော်ဖြတ်နိုင်ခဲ့တယ်။

ကျနော်တို့ တစ်သင်းလုံး အတော်လေး ခံစားထားရတာမို့ အခုလို စရိုက်ကောင်းတွေ ပြသနိုင်ခဲ့တာက အရေးကြီးပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်တစ်ဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းနဲ့ ထိပ်တိုက်တွေ့မှာပဲ ဖြစ်ပါတယ်။