နိုင်သင့်တဲ့ အသင်းက အာဆင်နယ် ဖြစ်ပေမယ့် ပင်နယ်တီကြောင့် မန်ယူ သာသွားတယ် ဆိုတဲ့ အာတီတာ
အာဆင်နယ် အသင်းဟာ မနေ့ညက အက်ဖ်အေဖလားကနေ ထွက်ရပြီးတဲ့နောက် ဒီရာသီ ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲတွေကနေ အကုန် ထွက်ရဖို့ နီးစပ်နေကာ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ရတော့မယ့် အခြေအနေဖြစ်ပါတယ်။
ညကပွဲမှာလည်း အိမ်ကွင်းမှာ အာဆင်နယ်တို့ ဖိကစားနိုင်ခဲ့ပေမယ့် တိုက်စစ်သမားတွေ ဂိုးပေါက်တွေ လွဲနေကြချိန် အမ်မိုရင်းရဲ့ ယူနိုက်တက် အသင်းက ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားပြခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြ အာတီတာကတော့ သူ့အသင်းကသာ အနိုင်ရသင့်တဲ့ အသင်း ဖြစ်ကြောင့် မချင့်မရဲ ပြောဆိုခဲ့ပါတယ်။
” မယုံနိုင်စရာပဲဗျာ။ စွမ်းဆောင်ရည်တွေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့က အနိုင်ရဖို့ အပုံကြီးကို ထိုက်တန်တဲ့ အသင်းပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်။ လူတွေကလည်း ဒါနဲ့ပဲ အကဲဖြတ်ကြပါလိမ့်မယ်။
ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပဲဆိုတာ နားလည်ရပါမယ်။ ကျနော်တို့ပွဲ ပြီးသွားပါပြီ ရှေ့ဆက်ပြီး လာမယ့်ပွဲကို ယှဉ်ပြိုင်ကြရပါလိမ့်မယ်။ အာလုံးက ကိုယ့်ပွဲဖြစ်ဖို့ ကြိုးစားတာချည်းဖြစ်ပေမယ့် ဒီညကတော့ ကျနော်တို့ည မဟုတ်ခဲ့ပါဘူး။ ” လို့ က အာတီတာက ဆိုခဲ့တာပါ။
ဒါ့အပြင် တစ်ယောက်လျော့ ယူနိုက်တက်ကို အရှုံးပေးခဲ့ရတာကလည်း ပင်နယ်တီ အဆုံးအဖြတ်ကြောင့်လို့ အာတီတာက ပြောပါတယ်။
” ပင်နယ်တီ အဆုံးအဖြတ်ဆိုတာကတော့ ခေါင်းနဲ့ပန်း ပါပဲ။ အနိုင် အရှုံး ဘာမဆိုဖြစ်သွားနိုင်တာပဲလေ။ ဂိုးဝင်အောင် သွင်းရမယ်၊ ပြိုင်ဘက်ထက် ပိုကောင်းရမယ်။ ဒါက အရှိတရားပါပဲ ” လို့ ဆက်ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ရောက်ထားပေမယ့် ပထမ အကျော့မှာ နယူးကာဆယ်ကို ၂ဂိုးပြတ် ရှုံးထားပြီး ပြိုင်ပွဲကနေ ထွက်ခွာရနိုင်ခြေ ရှိနေပါတယ်။