ပွဲပြီးသွားပေမယ့် ဒိုင်လူကြီးတွေနဲ့ အက်ဖ်အေကတော့ ယူနိုက်တက် အသင်းသားကို ပွဲပယ်ဦးမည်
မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား အူဂါတီ ကတော့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ အက်ဖ်အေ ပွဲမှာ ကိုင်ဟာဗက်ဇ် ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် နောက်ဆက်တွဲ ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့ ၁ဝ ယောက်ကျန် ရင်ဆိုင် ကစားခဲ့ရသော်လည်း ပင်နယ်တီ အဆုံးအဖြတ်မှာ အာဆင်နယ်ကို အနိုင်ယူကာ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။
ပုံမှန် ပွဲချိန်တွင်း မန်ချက်စတာ ယူနိုက်တက် ပင်နယ်တီ ပေးခံရချိန်မှာ နှစ်ဘက် အသင်း ကစားသမားတွေ အချင်းများခဲ့ကြပြီး အူဂါတီက ဟာဗက်ဇ် ကို ခေါင်းနဲ့ ပစ်တိုက်ခဲ့ရာမှာ အာဆင်နယ် တိုက်စစ်သမားက လဲကျသွားခဲ့ရပါတယ်။
ထိုဖြစ်ရပ်ကို ဒိုင်လူကြီး မက်ဒလေက မမြင်ခဲ့တာကြောင့် အူဂါတီ က အဝါကတ် ပြသ သတိပေးခြင်းတောင် မခံခဲ့ရပါဘူး။ ဒါပေမယ့် ပွဲအပြီးမှာတော့ ယူနိုက်တက် ကွင်းလယ်သမားဟာ အက်ဖ်အေရဲ့ စိစစ် အရေးယူမှု ခံရဖို့ ရှိလာပါတယ်။
အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေဟာ VAR စနစ် အသုံးမပြုတာကြောင့် ပွဲကိုင်တွယ်တဲ့ ဒိုင်လူကြီးတွေက ထို အဖြစ်ကို အချိန်နဲ့ တပြေးညီ မသိခဲ့ကြတာ ဖြစ်ပါတယ်။
ကစားသမားချင်း အကြမ်းပတမ်း လုပ်ခဲ့တဲ့ ကိစ္စ ဖြစ်တာကြောင့် အူဂါတီဟာ ၃ ပွဲ ထိ ပွဲပယ် ခံရဖွယ် ရှိနေပါတယ်။