လက်ပတ် ဝတ်မထားတဲ့ ကွင်းထဲက ယူနိုက်တက် အသင်းခေါင်းဆောင်ကို နည်းပြ အေမိုရမ် ဖော်ထုတ်

အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံထားရတဲ့ ဟယ်ရီ မက်ဂွိုင်းယားမှာ ယူနိုက်တက်ရဲ့ ခေါင်းဆောင် ပြန်ဖြစ်နေကြောင်း နည်းပြ ရူဘင်အေမိုရမ်က ပြောကြားလာပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာမှ ပေါင်သန်း ၈၀ ဖြင့် ပြောင်းလာပြီး ၅ လအကြာ နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ အသက် ၃၁ နှစ်ရှိ မက်ဂွိုင်းယားဟာ ဆိုးလ်ရှားနေရာကို ဆက်ခံတဲ့ အဲရစ်တန်ဟက်လက်ထက်မှာတော့ အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရပြီး ဘရူနိုဖာနန်ဒက်စ်အား လွဲပြောင်းပေးခဲ့ရပါတယ်။

သူဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက ယူနိုက်တက်ဘက်က ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းမပြောင်းဘဲ ယူနိုက်တက်တွင်ပင် ဆက်ကစားကာ နေရာအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။

သူဟာ စပို့တင်းလစ္စဘွန်းနည်းပြဟောင်းအေမိုရမ်လက်ထက် ၃-၄-၃ ကစားကွက်မှာ အရေးပါတဲ့ ဗဟိုနောက်ခံလူ ပြန်ဖြစ်လာသလို ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အား အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အေမိုရမ်က “သူ ခေါင်းဆောင်တစ်ဦး ထပ်ဖြစ်လာတယ်လို့ ကျွန်တော် ခံစားရတယ်။ အသင်းမှာ ပိုအရေးပါလာတဲ့သူလို့ ခံစားနေရတယ်။ သူ့ကိုယ်သူ အများကြီး ယုံကြည်မှု ရှိလာတယ်။ အကောင်းဆုံးလည်း လုပ်ထားနိုင်တယ်။

ကျွန်တော့်ထက် ဟယ်ရီကို ပိုချီးကျူးရမယ်။ နောက်ဆုံးပွဲမတိုင်မီတုန်းက သူ ဖျားနေခဲ့တာ။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားတယ်။ ကစားသမားတိုင်းဆီက ဒါမျိုး လိုချင်တယ်”လို့ ပြောကြားသွားပါတယ်။

မက်ဂွိုင်းယားဟာ ညာသန်ဗဟိုနောက်ခံလူဖြစ်ပေမဲ့လည်း ဆိုးလ်ရှားလက်ထက်မှာ ဘယ်ခြမ်းဗဟိုခံစစ်မှာ ကစားခဲ့ရပါတယ်။

တင်ဟက်ရောက်လာချိန်မှာတော့ မက်ဂွိုင်းယားမှာ လျှင်မြန်မှု မရှိမှုနှင့်အတူ နေရာလွတ်ဖြစ်စေတယ်ဆိုပြီး ညာခြမ်းဗဟိုခံစစ်သို့ ပြန်ပြောင်းခဲ့ပါတယ်။

အေမိုရမ်လက်ထက်မှာတော့ မက်ဂွိုင်းယားဟာ ခံစစ် ၃ ဦး ဗဟိုနေရာမှာ ကစားနေရပါတယ်။

အေမိုရမ်က “ဒီနေရာမှာ သူ ဘောလုံးကောင်းကောင်းကစားနိုင်တယ်။ ဒီလိဂ်မှာ အလွတ်တည်ကန်ဘော အရေးပါတာ ခင်ဗျားတို့လည်း အမြင်ပါ။ ကျွန်တော်တို့ ခံစစ်ဇုန်ထဲ ပိတ်ကစားချိန်မှာ ဖြတ်တင်ဘောတွေ အများကြီး ကြုံရတယ်။

အာဆင်နယ်လည်း ဖြတ်တင်ဘောအများကြီးလုပ်ခဲ့တယ်။ ဟယ်ရီကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီဧရိယာကို ထိန်းချုပ်နိုင်ခဲ့တယ်”လို့ ပြောကြားသွားပါတယ်။