အဓိက ကြယ်ပွင့် ၂ ဦး ပြန်ကစားနိုင်တော့မှာ ဖြစ်လို့ သတင်းကောင်းနဲ့ ပျော်နေတဲ့ နည်းပြ အေမိုရမ်

မန်ချက်စတာယူနိုက်တက်ရဲ့ လုခ်ရှောနှင့် မေဆင်မောင့်တို့ ပြန်လည် ကစားနိုင်ရန် နီးစပ်လာတာကြောင့် ကစားသမား အင်အားတောင့်တင်းရန် လိုအပ်နေတဲ့ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်အတွက် သတင်းကောင်းကြုံနေရပါတယ်။

လုခ်ရှောဟာ ယခုရာသီတစ်ခုလုံး အနားယူနီးပါး အနားယူလာရသူ ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီလူမျိုးနည်းပြအေမိုရမ်လက်ထက် ပထမဆုံးနှစ်ပွဲတွင် ဗဟိုဘယ်နောက်ခံလူအဖြစ် အရန်အဖြစ် ဝင်ရောက်ကာ ကစားပြီးနောက် အနားယူလာရသူပါ။

မေဆင်မောင့်မှာလည်း ယခုရာသီတွင် ပြန်ကစားနိုင်လိုက်၊ ဒဏ်ရာပြန်ရလိုက်ဖြင့် လုံးထည်ချာလည်လိုက်နေသူ ဖြစ်ပါတယ်။

ယခုအခါမှာတော့ လုခ်ရှောနှင့် မေဆင်မောင့်တို့နှစ်ဦးလုံးမှာ ယူနိုက်တက်အတွက် ပြန်ကစားနိုင်ရန် အနီးစပ်ဆုံးဖြစ်နေပြီ ဖြစ်ပါတယ်။

အေမိုရမ်က “လုခ်ရှောက မေဆင်ထက် ပြန်ကစားနိုင်ဖို့ ပိုနီးတယ်။ မေဆင်မောင့်က နည်းနည်းအချိန်ယူရမယ်။ လုခ်ကတော့ လာမယ့်အပတ် (သို့မဟုတ်) နောက်နှစ်ပတ်မှာ ကစားနိုင်ဖို့ ရှိတယ်။ ပြန်လာနိုင်မလားကြည့်ရမယ်”လို့ ပြောကြားသွားပါတယ်။

နည်းပြ အေမိုရမ် ဦးဆောင်တဲ့ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ အနိုင်ယူပြီးနောက် လာမယ့် တနင်္ဂနွေနေ့တွင် ဘရိုက်တန်ကို ထပ်မံ ဧည့်ခံကစားရပါမယ်။