ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
ချဲလ်ဆီး – မန်ချက်စတာ စီးတီး

ရွေးချယ်ရဖို့ အမှန်တကယ် ခက်တဲ့ ပွဲပါပဲ ။ ရာသီ မစခင် ကတည်းက Top Four အသင်းတွေဟာ ဒီနှစ်မှာ ၄-၅ ကြိမ်ထက် ပိုမရှုံးနိုင်ဘူးလို့ ကျွန်တော် ပြောခဲ့ ဖူးပါတယ် ။ ချဲလ်ဆီး က အာဆင်နယ် ရော စပါး နဲ့ပါ ရင်ဆိုင် ပြီးပါပြီ ၊ ဒီပွဲတွေကို သူတို့ အနိုင် ကစားထားခဲ့ ပါတယ် ။
တဘက်မှာတော့ မန်စီးတီး ဟာ ပထမဆုံး ၅ ပွဲမှာ ၂ ပွဲ ဂိုးမသွင်း နိုင်ခဲ့ပါဘူး ၊ ဒါက သူတို့ အတွက် ရေရှည်မှာ စိုးရိမ်ချင်စရာ ကောင်းပါတယ် ။ ပုံမှန်အားဖြင့်တော့ မန်စီးတီး ကို ကျွန်တော် ဘက်မကန်ချင်ပါဘူး ၊ သူတို့ ခြေတွေ့တဲ့ နေ့မျိုးဆို တားမရ ဆီးမရ ဖြစ်တတ်လို့ပါ ။
ဒါပေမယ့် အထောင် တိုက်စစ်မှူး မရှိတဲ့ အခက်အခဲ ကို ဒီပွဲမှာ ထပ်ကြုံရဖို့ ရှိနေပြီး ကယ်ဗင် ဒီဘရိုင်းနား ကိုပဲ အဓိက အားကိုးရမှာပါ ။ ဒါကြောင့် ဒီပွဲတော့ ကျွန်တော် ချဲလ်ဆီး ဘက်မှာ နေချင်ပါတယ် ။
မာဆင် ကတော့ ချဲလ်ဆီး ၂ – ၁ မန်စီးတီး လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် – အက်စတွန် ဗီလာ

မန်ချက်စတာ ယူနိုက်တက် ကို ကြည့်ရတာ ရယ်စရာ ကောင်းပါတယ် ။ အခုချိန်မှာ သူတို့က အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး ။ ဒါပေမယ့် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲတောင် နိုင်ထားပါတယ် ။ သေချာ ပြန်ကြည့်လိုက်ရင်တော့ ဒီထဲက အချို့ ပွဲတွေဟာ ကံရဲ့ ဖေးမမှုတွေ ပါခဲ့တာကို တွေ့ရမှာပါ ။
ဝုဗ် နဲ့ ပွဲမှာဆိုရင် တချက်လောက်ကန် ၊ တဂိုးရပြီး ပွဲပြီးခဲ့တာပါ ၊ နယူးကာဆယ် နဲ့ ပွဲမှာလည်း ရိုနယ်ဒို ရောက်လာမှုက အဓိက ကျခဲ့ ပါတယ် ။ ဝက်စ်ဟမ်း နဲ့ ပွဲမှာတော့ ဒီဂီယာက ကယ်တင်ခဲ့တာပါ ။ ဒါပေမယ့် ယန်းဘွိုင်းစ် ၊ ဝက်စ်ဟမ်း နဲ့ ကာရာဘောင် ပွဲတွေ က ယူနိုက်တက် ကို ယုံစားလို့ မရဘူးဆိုတာ ပြောပြ နေပါတယ် ။
ဗီလာ က ချဲလ်ဆီး နဲ့ ပွဲမှာ ပထမပိုင်း ကစားပုံ ကောင်းခဲ့ ပါတယ် ။ ဦးတောင် ဆောင်နိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့တာပါ ။ ဒါပေမယ့် အဆုံးသတ်ကတော့ တော်တော် စိတ်ပျက်စရာ ကောင်းခဲ့ ပါတယ် ။ တကယ်လို့ သူတို့ ဒီပုံစံ အတိုင်းသာ ယူနိုက်တက် ကို ကစားနိုင်မယ် ၊ အဆုံးသတ်မှု တကြိမ်လောက်သာ ဖြစ်မြောက် ခဲ့မယ် ဆိုရင် အိုလေဂန်နာ ဆိုးရှား အနေနဲ့ ပြဿနာ တက်သွားနိုင်ပါတယ် ။
ဒါကြောင့် ဒီပွဲကို ၁-၁ လို့ပဲ မှန်းချင်ပါတယ် ။ ယူနိုက်တက် အနေနဲ့ ရိုနယ်ဒို ကို အားကိုး နေတာကိုလည်း လျော့သင့်ပါပြီ ၊ ကျန်တဲ့သူတွေလည်း သူတို့ရဲ့ အစွမ်းသတ္တိတွေကို ထုတ်ပြန်ရမှာပါ ။
ဘရန့်ဖိုဒ့် – လီဗာပူး

ဘရန့်ဖိုဒ့် က ဒီရာသီမှာ ကျွန်တော့ကို ခနခန မှားအောင် လုပ်နေတဲ့ အသင်းပါ ။ ဝုဗ် နဲ့ ပွဲမှာ သူတို့ ကစားပုံ ကောင်းခဲ့သလို ရှုံးစိတ်ဝင် နေတဲ့ အသင်းနဲ့လည်း လုံး၀ မတူခဲ့ ပါဘူး ။ တခါတလေ သူတို့ဘက်မှာ ကံ ရှိနေပေမယ့် အဓိက ကတော့ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းက အရေးပါခဲ့တာပါ ။ ဒါပေမယ့် ဒီတခါတော့ သူတို့ ကျွန်တော်ကို လွဲအောင် လုပ်နိုင်မယ် မထင်တော့ပါဘူး ။
ကျွန်တော် အာဆင်နယ် ကစားသမားဘ၀ နဲ့ အေစီမီလန် ကို ရင်ဆိုင် ခဲ့ဖူးပါတယ် ။ အဝတ်လဲခန်းထဲကို ပြန်ရောက်ချိန် မှာတော့ ‘ဝိုး ၊ သူတို့ အရမ်းကောင်းတာပဲ’ လို့ ထုတ်ပြော ခဲ့မိပါတယ် ။ အခု ဘရန့်ဖိုဒ့် လည်း လီဗာပူး ဘယ်လောက် ကောင်းတယ် ဆိုတာကို မြင်ရ ၊ အတွေ့အကြုံ ရကြတော့မှာပါ ။
မာဆင် ရဲ့ ခန့်မှန်းချက် – ဘရန့်ဖိုဒ့် ၀ – ၂ လီဗာပူး
အာဆင်နယ် – တော့တင်ဟမ် ဟော့စပါး

ဘယ်အသင်းက အခြေအနေ ဘယ်လောက်ဆိုးနေပါစေ ၊ မြောက်လန်ဒန် ဒါဘီလို့ ဆိုလိုက်တာနဲ့ အာဆင်နယ် နဲ့ စပါး တို့ရဲ့ အကျိတ်အနယ် ပွဲကောင်းကို အားလုံး ပြေးမြင်မိမှာပါ ။ စပါး ဟာ ပထမ ၃ ပတ် အပြီးမှာ အဆင့် ၁ နေရာကို ၉ မှတ် အပြည့် နဲ့ ရယူ ထားခဲ့ ပါတယ် ။
အာဆင်နယ် က အဲ့ဒိတုန်းက တန်းဆင်းဇုန်နား မှာပါ ။ အခု သူတို့ ကြားမှာ ၃ မှတ်ပဲ ကွာပါတော့တယ် ။ အာဆင်နယ် က အတက်ဘက် ကို ရောက်လာပြီး စပါးက ပြန်ကျလာတာပါ ၊ ဒီပွဲမှာ အာဆင်နယ် ရှုံးဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ။
ဟယ်ရီကိန်း ဟာ အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူးကောင်း တယောက်ဆိုတာ လက်ခံရမှာပါ ။ ဒါပေမယ့် ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင် ကလွဲရင် စပါး ဘက်မှာ အာဆင်နယ် ကို ထိခိုက် အောင် လုပ်နိုင်မယ့် ကစားသမား မရှိပါဘူး ။
အိမ်ကွင်း အားသာချက်လည်း ရှိတာကြောင့် ဒီပွဲမှာတော့ အာဆင်နယ် က ကပ်ပြီး နိုင်သွားမယ်လို့ ထင်ပါတယ် ။ လန်ဒန် ဒါဘီ မှာတော့ အာဆင်နယ် ၂ – ၁ တော့တင်ဟမ် ဟော့စပါး လို့ ပေါလ် မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။
အခြားပွဲစဉ် ခန့်မှန်းမှု ရလဒ်များ
- လက်စတာ ၃ – ၀ ဘန်လေ
- လိဒ်ယူနိုက်တက် ၁ – ၃ ဝက်စ်ဟမ်း ယူနိုက်တက်
- ဝက်ဖိုဒ့် ၁ – ၂ နယူးကာဆယ်
- ဆောက်သမ်တန် ၁ – ၂ ဝုဗ်
- ပဲလေ့စ် ၂ – ၂ ဘရိုက်တန်
- အဲဗာတန် ၃–၀ နောဝှစ်ချ်