ဒီရာသီ မန်ယူအသင်းရဲ့ အဓိက အားနည်းချက်ကို ပထမဆုံး အင်တာဗျူးမှာ ရန်းဂ်နစ် ပြော

ဒီရာသီမှာ မန်ယူအသင်းရဲ့ ပြိုင်ဖက်တွေကို ပေးရတဲ့ ဂိုးအရေအတွက်ဟာ တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်းနီးပါး ရှိတာကြောင့် များလွန်းနေတယ်လို့ မန်ယူ ယာယီနည်းပြ ရန်းဂ်နစ်က သူ့ရဲ့ပထမဆုံး သတင်းမီဒီယာ နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားပါတယ်။

လက်ရှိအသင်းဟာ အရည်အသွေး ရှိပြီး အတွေ့အကြုံအလည်းရှိတာ သိသာထင်ရှားနေပေမယ့် အနိုင်ရဖို့ သုံးဂိုး အထိသွင်းနေရတာဟာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့လည်း ရန်းဂ်နစ် ကပြောပါတယ်။

ချာယ်ဆီးက ဖေဖော်ဝါရီလတုန်းက သူကိုခေါ်ဖို့ ကြိုးစားခဲ့တာနဲ့ ပက်သက်ပြီးတော့လည်း ရန်းဂ်နစ်က အဲဒီအချိန်က ချယ်ဆီးဟာ ကျွန်တော့ကို လေးလစာချုပ်နဲ့ ယာယီနည်းပြခန့်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်လို့ အဲဒီကမ်းလှမ်းချက်ကို ပြန်ပြောပါတယ်။

မန်ယူလို အသင်းတစ်သင်းက ကမ်းလှမ်းလာချိန်တော့ ပယ်ချဖို့ ခက်ခဲတယ်၊ ပြီးတော့ ခြောက်လခွဲ စာချုပ်အပြင် အတိုင်ပင်ခံ အနေနဲ့ နှစ်နှစ်ဆက်ထားရှိဖို့ သဘောတူတာကြောင့်လို့လည်း ရန်းဂ်နစ်က ပြောပါတယ်။

အာဆင်နယ်နဲ့ပွဲဟာ ပရိတ်သတ်တွေအတွက်တော့ ရင်ခုန်စရာ ကောင်းပေမယ့် နည်းပြအတွက်တော့ နေ့တိုင်း လိုအပ်တဲ့ ပွဲမျိုးမဟုတ်ဘူးလို့ ရန်းဂ်နစ်က ဆိုပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေကို စောင့်ကြည့်နေခဲ့တာကြောင့် သူ့အနေနဲ့ ဒီလိဂ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိပြီးသားဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ရန်းဂ်နစ်က သူဟာ လီဗာပူး ၊ မန်စီးတီး တို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေကိုလည်း စောင့်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။