အမှတ်ပေးဇယား ကြမ်းတိုက်နေရတဲ့ အသင်းကို နိုင်ဖို့တောင် မန်ယူ အသည်းအသန်လုပ်ရတဲ့ ကိစ္စ ပေါလ် စခိုး မေးခွန်းထုတ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲအပြီး ရူဘင် အမိုရင်နဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုခဲ့ချိန်မှာ အသင်းစွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ကြာသပတေးနေ့ညက အမှတ်ပေးဇယား ကြမ်းတိုက်နေရတဲ့အသင်းကို ဂိုးပေးပြီးမှ ပြန်လိုက်ကစားပြီး ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သရဲနီတွေရဲ့ ကစားပုံက ကောင်းမွန်ခဲ့ခြင်းမရှိဘဲ အချိန်တော်တော်များများမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ပုံပေါ်နေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး စကားပြောဆိုရာမှာ ပေါလ် စခိုးက အမိုရင်ကို လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲတုန်းက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ် စခိုးက ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းသားတွေက စိတ်အားထက်သန်မှု ကင်းမဲ့နေမှုကို မေးခွန်းထုတ်ခဲ့ပြီး အမိုရင်ရဲ့ သုံးသပ်ချက်ကို မေးမြန်းခဲ့ရာမှာ ပေါ်တူဂီလူမျိုးနည်းပြက

“စိတ်အားထက်သန်မှု ကင်းမဲ့နေခဲ့တဲ့ပုံပါပဲ။ အူဂါတီက နောက်ကျနေပြီး မိန်းနူးကလည်း နောက်ကျနေတယ်။ ဘရူနို ဖာနန်ဒက်စ်ကလည်း ဘောလုံးက အတွင်းရောက်နေတဲ့အချိန်မှာ သူက တောင်ပံရောက်နေတယ်။

အကူးအပြောင်း တခုရှိခဲ့ပြီး ယိုရိုက ဟိုလူတယောက်ကို အမီမလိုက်နိုင်ဘူး။ သေးငယ်တဲ့အရာတွေက အသင်းကို နောက်ရောက်စေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စိတ်လှုပ်ရှားလာတယ်။ ဒီနေ့ကတော့ စိတ်အားထက်သန်မှုမရှိတာမဟုတ်ပါဘူး။ ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိတာပါ။

ပထမပိုင်းတုန်းက အာမက် ဘောလုံးရတဲ့အခါတိုင်း သူ ဘောလုံးကို တိုက်စစ်ကို ရောက်အောင် တွန်းအားပေးတယ်။ ဒီလိုကစားသမားမျိုးက အရေးကြီးပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ဖို့ လိုတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး။ ပုံစံက မှန်ကန်တဲ့အရာတခုမဟုတ်ဘူးဆိုတာ တခါတလေ ခင်ဗျား နားလည်နိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ပေါလ် စခိုးက “မိနစ် ၈၀ လောက်အထိက ခင်ဗျား မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး စွမ်းဆောင်ရည်ပဲ။ အထူးသဖြင့် လိဂ်အောက်ဆုံးက အသင်းနဲ့ ရင်ဆိုင်ကစားတဲ့အခါမှာပေါ့။ ကျွန်တော် ဆောက်သမ်တန်ကို ချီးကျူးရမယ်။ သူတို့က လိဂ်အောက်ဆုံးက အသင်းဆိုပေမယ့် မန်ယူနိုက်တက်ထက် အများကြီးကောင်းတယ်။

သူတို့တွေ နည်းစနစ်ပိုင်းအရ၊ နည်းဗျူဟာပိုင်းအရ ဘောလုံးပေးပို့တဲ့ပုံစံက ကောင်းမွန်တယ်။ ဒီရှုံးပွဲက သူတို့ဘာလို့ ဇယားအောက်ခြေမှာ ရှိနေရတာလဲဆိုတာကို ပြခဲ့တာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသင်းတွေကို အနိုင် မယူနိုင်လို့လေ”လို့ ပြောဆိုခဲ့ပါတယ်။