အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကိုတော့ ယူနိုက်တက် မနိုင်ဘူး ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ဟောကိန်းထုတ်မှု

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် နဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဘရိုက်တန် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ယူနိုက်တက်က ပွဲပြီးခါနီးမှ အနိုင်ဂိုး သွင်းပြီး အသည်းအသန် လုပ်ရတာ ထုံးစံလို ဖြစ်လာနေတယ်။ ဒါကလည်း ပွဲတော်တော်များများမှာ သူတို့ ခြေစွမ်းက သိပ် အကောင်းကြီး မဟုတ်လို့ပဲ၊ အထူးသဖြင့် ပထမပိုင်းမှာပေါ့။

ဒါပေမယ့် ဒီလို နိုင်ပွဲရအောင် လုပ်နိုင်နေသေးတာကလည်း အရေးကြီးတယ်။ ဒီယာလိုနဲ့ မန်နေဂျာ အမ်မိုရင်းကို အသိအမှတ် ပြုရမှာပါ။

အပတ်တိုင်း ပြောနေသလို ပဲ သူတို့ လုပ်ငန်းစဉ်က အခုထိ အကောင်အထည် ဖော်နေဆဲပါ။ အမ်မိုရင်း အတွက် လမ်းမှာ ခလုတ်ကန်သင်းတွေက ရှိနေမှာပဲ။ ဒီတပတ်ပွဲက အဲဒီလိုထဲက တစ်ခု ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘရိုက်တန် ဆိုတာ စိန့်တွေထက်တော့ ခက်ခဲတဲ့ ပြိုင်ဘက်ပဲ။

ဘရိုက်တန်က ကြာသပတေးနေ့ပွဲမှာ အစ်ဆွစ်ချ် ကို အနိုင်ကန်ပြီး နိုင်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်လာတယ်။ ဒီပွဲမှာ ယူနိုက်တက် ထက် သူတို့ကိုတောင် ကျွန်တော်တော့ ပိုကြိုက်သလိုပဲ။ ဒါပေမယ့် သရေ လို့ပဲ ရွေးမှာပါ။

ကျွန်တော် အစောက ပြောခဲ့သလိုပဲ။ ယူနိုက်တက်ဟာ ပွဲထဲကနေ တစ်ခုခုတော့ ရအောင် ယူသွားတဲ့ ထုံးစံ ရှိနေပြီ။ ဒီပွဲမှာ သူတို့ သရေ တစ်မှတ် ရအောင် ယူနိုင်ပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဘရိုက်တန် ဖြစ်ပါတယ်။