ဂန်းနားတို့ရဲ့ တိုက်စစ် ပစ်မှတ် ၂ဦး၊ ချီးကျူးခံနေရတဲ့ မာတင်နယ်လီနဲ့ ယနေ့ အာဆင်နယ် သတင်းများ

လာမဲ့အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ရှာဖွေသွားမဲ့ အာဆင်နယ်အသင်းဟာ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်အနေနဲ့ အသက် ၂၁ နှစ်အရွယ် ကြယ်ပွင့်ကို အရင်ကတည်းက စောင့်ကြည့်လာခဲ့တာဖြစ်ပြီး လာမဲ့အပြောင်းအရွှေ့တွေမှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ပြင်ဆင်နေတာပါ။

အာဆင်နယ်အသင်းဟာ ရီးရဲကွင်းလယ်လူ ဗက်ကွက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီဖြစ်ကြောင်း သိရပါတယ်။ ဗက်ကွက်ဇ် ဟာ လက်ရှိ ရီးရဲမှာ ရုန်ကန်ရလျက်ရှိနေပြီးသူ့ကို ယူရို ၁၅ သန်းနဲ့သာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

မန်ယူ ပရိသတ်တွေကတော့ အာဆင်နယ် လူငယ် တိုက်စစ်မှူး မာတင်နယ်လီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မာတင်နယ်လီ ဟာ တကယ့်ကို အဆင့်အတန်း မြင့်မားတဲ့လူငယ်ကြယ်ပွင့်ဖြစ်ကြောင်း၊ သူဟာ ဆာကာထက်တောင် ပိုကောင်းကြောင်း မန်ယူဖန်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က နည်းပြ အာတီတာအနေနဲ့ တိုက်စစ်မှူး အူဘာမီယန်ကို ချန်လှပ် သင့်ပြီဖြစ်ကြောင်း၊ အူဘာမီယန်ရဲ့ပုံစံကို ကြည့်ရတာ နာကျင်စရာကောင်းကြောင်း၊ အာဆင်နယ် မှာ အူဘာရဲ့ အချိန်တွေ ကုန်ဆုံးသွားမှာဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာတီတာအနေနဲ့ ဂန္ထဝင် နည်းပြကြီး အာဆင်ဝင်းဂါးကို အသင်းကို ပြန်ခေါ်မယ်ဆိုတဲ့ပြောဆိုချက်ကို အွန်နရီက မေးခွန်းထုတ်ခဲ့ပြီး အာဆင်နယ်အနေနဲ့ အာဆင်ဝင်းဂါးကို ကန်ထုတ်ခဲ့ပြီးပြီဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးသာ ပြန်လာရင် ဘာသွားလုပ်ရမှာလဲ ဆိုပြီး မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ကြိုးပမ်းနေတဲ့ အခြေအနေဟာ တိုးတက်မှုတော့ ရှိလာကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကိုယူရိုသန်း ၈၀ အထိ ကြေးတိုးပေးပြီး ကမ်းလှမ်းဖွယ် ရှိနေတာပါ။

အာဆင်နယ်ကွင်းလယ်လူပါတေးက မန်ယူကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့အနေနဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံခဲ့ပြီး အာဆင်နယ်က အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပေမဲ့ ကံမကောင်းခဲ့ကြောင်း၊ အနိုင်ရအောင် အစွမ်းကုန် ကြိုးပမ်းကစားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။