အမ်မိုရင်း ကစားကွက်က ယူနိုက်တက် အသင်းသားတွေနဲ့ မကိုက်ဘူး၊ ပွဲရလဒ်ကို ကြည့်ဦးလို့ သရဲနီဟောင်းကြီး ထောက်ပြ

နည်းပြ ရူဘင် အမ်မိုရင်း ရဲ့ ခေါင်းမာမာ သုံးနေတဲ့ ကစားကွက်ဟာ လက်ရှိ အသင်း လူစာရင်းနဲ့ မသင့်တော်ဘူးလို့ ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း အိုဝင်ဟားဂရေ့ဗ် က ထောက်ပြ သတိပေးလိုက်ပါတယ်။

နည်းပြအပြောင်းအလဲမှာ ယူနိုက်တက်ဟာ ခံစစ် ၃ ယောက်တန်းကို ချက်ခြင်း ပြောင်းကစားခဲ့ပြီး အဆိုပါ လုပ်ရပ်ကို လက်မခံနိုင်သူတွေထဲ ဟားဂရေ့ဗ်လည်း ပါလာတာပါ။

လက်ရှိ ယူနိုက်တက်မှာ ပြဿနာတွေက တန်းစီ ရှိနေကြောင်းနဲ့ ကစားရမယ့် စနစ်ကို ပြင်သင့်တယ်လို့ ထောက်ပြသွားပါတယ်။

ဘရိုက်တန်နဲ့ ပွဲ အပြီးမှာ အိုဝင်ဟားဂရေ့ဗ် က ” ယူနိုက်တက်က တော်တော် ဆိုးဆိုးပဲ.. တကယ် ပွင့်ပွင့်လင်းလင်း ပြောတာ။ ဒါမျိုး ဆောက်သမ်တန်နဲ့ ပွဲမှာလည်း မြင်ခဲ့ရတယ်။ ယူနိုက်တက်ကိုက ယှဉ်ရ သိပ်လွယ်နေတော့တာ။

ခံစစ်ပိုင်း၊ ဂိုးသမား၊ ဂိုးတွေ သွင်းဖို့က အစ ရုန်းကန်နေရတာ။ ယူနိုက်တက်မှာ ပြဿနာတွေက အများကြီးမှ အများကြီးပဲ။ ရူးလောက်ချင်စရာပဲ။ သူတို့က အစစ အရာရာ နောက်ကျနေတော့တာ။

ရူဘန် အမ်မိုရင်းကတော့ ဆောက်သမ်တန်နဲ့ ပွဲ ပြီးတုန်းက သူ့အသင်း တုန့်ပြန်မှုတွေ လုပ်နေပါပြီ ပြောခဲ့သေးတယ်။ သူတို့ ကြည့်ရတာဖြင့် ဂိုးကို သွင်းနိုင်မယ့် ပုံ မရှိတော့တာ။ ဒီညဆိုလည်း ပင်နယ်တီကနေ ဂိုးသွင်းတာ၊ ဒါပဲ။ ဘရိုက်တန်က ၃ ဂိုး သွင်းတဲ့ အပြင် များစွာသော အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။

အမ်မိုရင်း အတွက် စိုးရိမ်စရာကတော့ သူ့ ကစားပုံဟာ ကစားသမားတွေနဲ့ မကိုက်ဘူး။ ပွဲရလဒ်ကောင်းတွေ ရှာဖို့ သူ လုပ်ရမယ်။ ” လို့ တန်းစီ ထောက်ပြ ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။