ဘာစီလိုနာ အသင်းထံ ရောက်သွားနိုင်တဲ့ ယူနိုက်တက် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်
ဘာစီလိုနာအသင်းဟာ ဒီလမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်တဲ့ အခြေအနေရှိနေပြီး သရဲနီအပယ်ခံကစားသမားကို သူတို့ရဲ့ အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီလမကုန်ခင်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယူဆခြင်းခံနေရသူဖြစ်ပြီး အငှားနဲ့ ထွက်ခွာနိုင်ခြေ များနေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဉရောပကလပ်အသင်းတွေ တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ဒေါ့မွန်ကလည်း အဂ်လန်တိုက်စစ်မှူးကို စိတ်ဝင်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ စီးရီးအေကလပ်အသင်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ လက်ရှောင်သွားပြီဖြစ်ပြီး မန်စီးတီးနောက်ခံလူ ကိုင်လီ ဝေါ်ကာအပါအဝင် အခြားပစ်မှတ်တွေကိုပဲ အာရုံစိုက်နေပြီလို့ သိရပါတယ်။
မကြာသေးမီက သတင်းတွေအရ လီဂူးဝမ်းကလပ် မိုနာကိုအသင်းနဲ့လည်း သတင်းထွက်သေးပေမယ့် အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ထိုသတင်း မဟုတ်ဘူး ငြင်းပယ်ခဲ့ပြီး စပိန်သတင်းစာ စပို့ကတော့ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ဖို့ ထိပ်ဆုံးကနေ တန်းစီနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လာလီဂါထိပ်သီးအသင်းကြီးဟာ ရက်ရှ်ဖို့ဒ် ပြောင်းရွှေ့ဖို့ အိပ်မက် မက်နေတဲ့ အသင်းလို့ လူသိများပြီး သရဲနီတိုက်စစ်မှူးကလည်း ဒီလထဲမှာ ကတ်တလန်ကို ပြောင်းဖို့ မီးစိမ်းပြပြီးသားဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဌာရေးအခြေအနေက ပြဿနာရှိနေခဲ့တာ တကမ္ဘာလုံးအသိဖြစ်ပြီး မကြာသေးမီက ဒါနီ အိုလ်မိုနဲ့ ပါအူ ဗစ်တာတို့ကို ကစားသမားအဖြစ် စာရင်းသွင်းနိုင်ဖို့ အခက်တွေ့ခဲ့ပြီးနောက် စပိန်အားကစားကောင်စီက ဒီလအစပိုင်းမှာ စာရင်းသွင်းနိုင်ပြီဖြစ်တယ်လို့ အတည်ပြုခဲ့လို့ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သယ် အက်သလက်တစ်သတင်းဌာနရဲ့ သတင်းထောက် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ ဘာစီလိုနာဟာ ပြန်လည်မွမ်းမံထားတဲ့ နူးကမ့်ကွင်းက ဗီအိုင်ပီ ထိုင်ခုံနေရာတွေကို ရောင်းချလိုက်လို့ လာလီဂါရဲ့ စည်းမျဉ်းနဲ့ အညီဖြစ်သွားခဲ့ပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်ကို လက်ရှိမှာ ခေါ်ယူဖို့ တတ်နိုင်တဲ့အခြေအနေရှိနေပြီလို့ သိရပါတယ်။
ငွေကြေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ ဝင်ငွေ ထွက်ငွေစာရင်းကို ဟန်ချက်ညီစေဖို့နဲ့ အကြွေး ပေါင်သန်း ၈၅၀ ကို လျှော့ချနိုင်အောင် ပထမအသင်းကစားသမားအချို့ကို ရောင်းထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ဂီရိုနာအားကစားဒါရိုက်တာက မကြာသေးမီက ဘာစီလိုနာနောက်ခံလူ အဲရစ် ဂါစီယာကို ဒီလမကုန်ခင် ခေါ်ယူသွားချင်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ဂီရိုနာအသင်းဟာ အဲရစ် ဂါစီယာအတွက် ယူရို ၁၀ သန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပြီး အန်ဆူ ဖာတီကလည်း နူးကမ့်မှာ အနာဂတ်မရေမရာဖြစ်နေတာကြောင့် စပါးနဲ့ ဝက်စ်ဟမ်းတို့ဆီက စိတ်ဝင်စားမှုကို ခံနေရတယ်လို့ သိရပါတယ်။