အိုနာနာနဲ့ မိုင်နူး မပါဘဲ ပေါလ်စခိုး ရောင်းချစေချင်နေတဲ့ မန်ယူ ကစားသမား ၈ ဦး
မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ လက်ရှိ အသင်းမှ ကစားသမား ၈ ဦးကို ရောင်းထုတ်ဖို့ လိုအပ်နေကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့ အသင်းကို ယခုဆောင်းရာသီအတွင်း အချိန်မှီ ပြန်လည် ပြင်ဆင်ဖို့ အဆိုပါ အဂ်လန် ကွင်းလယ်လူဟောင်းက သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝေဖန်မှုတွေ များစွာခံနေရတဲ့ အသင်းဂိုးသမား အိုနာနာကို တော့ ဆက်ထိန်းဖို့ လိုနေကြောင်း စခိုးက ပြောဆိုသွားခဲ့ပါတယ်။

စခိုးက “ အိုနာနာကိုတော့ ကျွန်တော် ဆက်ထိန်းချင်ပါတယ်၊ သူ့ဆီက နောက်ထပ် မျှော်လင့်စရာတွေ ရှိနေ သေးတာကြောင့် သူ့ကို အသင်းမှာ ဆက်ရှိစေဖို့ပဲ ကျွန်တော် ရွေးချယ်ပေးရမှာပါ။
နောက်ပြီး မိုင်နူး အတွက် ရောက်လာမယ့် ကမ်းလှမ်းမှုတွေကို နားထောင်နေတဲ့ အသင်းရဲ့ လုပ်ရပ်က သိပ်တော့ပုံမကျပါဘူး၊ အဲ့ဒီလုပ်ရပ်က စိတ်ပျက်စရာပါပဲ၊ မိုင်နူး က ယူနိုက်တက်အတွက် နောက်ထပ် ငါးနှစ်ကနေ ဆယ်နှစ်လောက် အထိ ကောင်းကောင်း ခြေစွမ်းပြနိုင်ဦးမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
စခိုး ရောင်းချချင်နေတဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့နွေ ခေါ်ယူမှုဖြစ်တဲ့ ဒီလစ်ဂျ် အပါအဝင် မာတီနက်ဇ်၊လုခ်ရှော နဲ့ မေဆွန်မောင့်တို့ ပါဝင်နေပြီး အန်တိုနီ၊ ဇာ့ခ်ဇီ၊ကာဆာမဲရိုးနဲ့ ရက်ရှ်ဖို့ဒ်တို့လည်း ပါဝင်နေပါတယ်။
စခိုးဟာ မန်ယူအသင်းအတွက် အကောင်းဆုံး မျိုးဆက်ကွင်းလယ်လူ တစ်ယောက် ဖြစ်ခဲ့ဖူးပြီး အသင်းအတွက် ၇၁၄ ပွဲအထိ ကစားပေးခဲ့ကာ လက်ရှိ အချိန်အထိ အသင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမှာ ရှိနေသူ တစ်ယောက် ဖြစ်ပါတယ်။