ကလပ်သမိုင်းမှာ အဆိုးဆုံးအသင်းလို့ ပြောခဲ့လို့ နည်းပြ ရူဘင်အေမိုရမ် ပြန်တောင်းပန်ပြီ

ယနေ့ည ရိန်းဂျားနှင့် ရင်ဆိုင်ရမဲ့ ယူရိုပါလိဂ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ရူဘင်အေမိုရမ် က ယခင် ဘရိုက်တန်နဲ့ ပွဲ အပြီး သူ့အသင်းမှာ ကလပ်သမိုင်းတွင် အဆိုးရွားဆုံးအသင်းလို့ ပြောဆိုခဲ့တာ အတွက် ပြန် တောင်းပန်လိုက်ပါတယ်။

“ကျွန်တော်က ကစားသမားတွေထက် ကိုယ့်အတွက် ကိုယ်ပြောတယ်။ ကျုပ်က ဒီအလုပ်ကို စတင်လုပ်တဲ့ နည်းပြလေ။ ၈ ပွဲရှုံးတယ်ဆိုတာ ကျွန်တော့်အတွက် တော်တော်များတယ်။ ကစားသမားတွေကို မကူညီနိုင်မှုအတွက်လည်း တာဝန်ယူတယ်။

ခင်ဗျားတို့ ကျုပ် စကားပြောတာ ကြည့်လိုက်ရင် ကစားသမားတွေကို ရည်ရွယ်ပြီး မပြောတတ်တာ တွေ့ရမှာပါ။ ဒီတော့ ဒီခေါင်းစဉ်နဲ့ ရေးတဲ့အတွက် ခင်ဗျားတို့(မီဒီယာ)ကို နားလည်ပါတယ်။

တခါတလေ အရမ်းစိတ်ပျက်တယ်။ ဒီလိုမျိုး မပြောသင့်ဘူး။ ဒါပေမဲ့ ဖြစ်ခဲ့တာ ဖြစ်ပြီးသွားပြီ။ တခါတလေ တချို့ ဖြစ်ရပ်တွေမှာ ပုန်းနေဖို့ ခက်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ၅ မိနစ်အလိုတုန်းက အဝတ်အစားလဲခန်းမှာ အဲဒီကိုပဲ ကွဲပြားတဲ့ပုံစံနဲ့ ပြောခဲ့တာ ကောင်းတယ်။ ကျုပ်မြင်ခဲ့ရတာ ပြောခဲ့တာပါ”လို့ ပြောကြားသွားပါတယ်။

ဘရိုက်တန်ကို ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အေမိုရမ်ဟာ အကြီးအကျယ်ဒေါသထွက်ကာ အဝတ်အစားလဲခန်းအတွင်းရှိ တီဗွီကို ထုခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ယင်းသို့ ပတ်သက်ပြီး တိုက်ရိုက်ဝန်ခံသွားခြင်း မရှိပေမဲ့လည်း အေမိုရမ်က တခါတလေ ဒေါသအလျှောက် လျှောက်လုပ်မိကြောင်း ဆိုသွားပါတယ်။

၎င်းက “ကျုပ်က လူငယ်ပါ။ တခါတလေ မှားတတ်တယ်။ ဒါကြောင့်လည်း ပွဲပြီးတော့ ဒါနဲ့ပတ်သက်ပြီး မပြောခဲ့တာပါ။ မှားတာလည်း ဖြစ်ချင်ဖြစ်မယ်။ စိတ်အရမ်းလှုပ်ရှားနေတယ်။ သတင်းစာရှင်းလင်းပွဲ သွားဖို့လည်း စိတ်လှုပ်ရှားနေတယ်။

ဒီတော့ မပြောသင့်တာ ပြောမိတာပေါ့။ တခါတလေ လူငယ်ဆိုတော့ အမှားလုပ်မိတတ်ပါတယ်။ ပြီးရင် ပိုကောင်းအောင် လုပ်ရမှာပေါ့။ နောက်ထပ် ဒါမျိုး မလုပ်ဘူးလို့တော့ ကတိမပေးပါဘူး။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်သွားမှာပါ”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၆ ပွဲကစားပြီးချိန်မှာ ၃ ပွဲအနိုင်ရထားပြီး ရှုံးပွဲမရှိသေးပါဘူး။ ၎င်းတို့ဟာ ယူရိုပါလိဂ်အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ရိန်းဂျားကို အနိုင်ရရှိပါကာ ထိပ်ဆုံး ၈ သင်းစာရင်းဝင်ရေး အခြေအနေလာပါမယ်။