ယူရိုပါလိဂ် ဖိုင်နယ်ထိ သွားမယ်၊ ဒီအသင်းက နိုင်ပွဲတွေ ယူနိုင်တယ် ဆိုတာ ပြမယ်လို့ ဘရူနို ဖာနန်ဒက်စ် ကြုံးဝါး
မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရိမ်းဂျားစ် အသင်းကို ယူရိုပါလိဂ်ပွဲ ဧည့်ခံ ကစားရာ ၂-၁ နဲ့ နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ယူနိုက်တက်တို့ အရင် ဦးဆောင်ထားနိုင်ပေမယ့် ၈၈ မိနစ်မှာ ရိမ်းဂျားစ်က ချေပဂိုး သွင်းသွားလို့ သရေနဲ့ ပွဲပြီးမလား စိုးရိမ်ခဲ့ရသေးပေမယ့် နာကျင် အချိန်ပို ၉၂ မိနစ်မှ ဘရူနို ဖာနန်ဒက်စ်က အနိုင်ဂိုး သွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲဟာ ယူနိုက်တက် သိပ်ကို လိုအပ်နေတဲ့ နိုင်ပွဲ လို့ နည်းပြ အမ်မိုရင်းက ဆိုခဲ့သလို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း ယူရိုပါလိဂ် ဖိုင်နယ်ထိ သွားမယ်လို့ ပွဲအပြီးမှာ ကြွေးကြော်ခဲ့ပါတယ်။
” ကျွန်တော်တို့က ဘီဘာအိုက ဖိုင်နယ်ပွဲထိ သွားချင်ပါတယ်။ ဒီပြိုင်ပွဲရဲ့ Top 8 ထဲလည်း ပါချင်တယ်။ ဒါမှ နောက်ထပ် နှစ်ပွဲ (play off) မကစားရမှာ။
ဒီကလပ် အသင်းနဲ့ ဆို ပွဲတိုင်းနိုင်ဖို့ လိုပါတယ်။ ဒီမှာက နိုင်ပွဲတွေ မရတာနဲ့ ခက်ခဲသွားနိုင်တယ်။ ကျွန်တော်တို့ ပရိသတ်တွေလည်း ရှုံးပွဲတွေနဲ့ မရင်းနှီးနေရဖို့ မျှော်လင့်ပါတယ်။ ဒီအသင်းက နိုင်ပွဲတွေ ယူနိုင်တယ် ဆိုတာ သူတို့ ယုံကြည်လာစေချင်တယ်။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းကလည်း ” ဒီနိုင်ပွဲဟာ လက်ရှိ ကျွန်တော်တို့ သိပ်ကို လိုအပ်နေတဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပုံစံတော့ မဟုတ်ပေမယ့် အရင်ပွဲကထက်တော့ တိုးတက်လာခဲ့တယ်။ ” လို့ ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ မှာ ရပ်တည်နေပြီး ၁၆သင်း ရှုံးထွက် အဆင့်ဆီ တိုက်ရိုက်တက်ဖို့ အတော် နီးစပ်သွားပါတယ်။