ဖလားအောင်မြင်မှု မရတဲ့အပြင် ဘဏ္ဍာရေး ကြပ်တည်းနေတဲ့ ယူနိုက်တက်က ဖန်အဖွဲ့ထံ ဖြေရှင်းစာပို့

မန်ချက်စတာယူနိုက်တက်က လက်ရှိ ဘဏ္ဍာရေး အခြေအနေအရ ဆက်ပြီး အရှုံးခံနေလို့ မရတော့ကြောင်း၊ ကွင်းဝင်ကြေးတွေ တိုးမြှင့်ရတာဟာ ပရီးမီးယားလိဂ် စည်းမျဉ်းတွေနဲ့ မလွတ်ကင်းမှာ စိုးလို့ လုပ်ရတာလို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားတဲ့အပေါ် ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

အမေရိကန် ဂလေဇာ မိသားစုနဲ့ ဗြိတိသျှ ဘီလျံနာ ဂျင် ရက်ကလစ်ဖ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ အင်္ဂလန် ချန်ပီယံ အကြိမ် ၂၀ ရ အသင်းကြီးဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ပေါင် သန်း ၃၀၀ ကျော် (ဒေါ်လာ ၃၇၁ သန်း) အထိ အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလို အရှုံးပေါ်နေတာမျိုး ဆက်ဖြစ်နေလို့ မဖြစ်ဘူး။ အခု ချက်ချင်း မလုပ်ဆောင်ရင် နောင်နှစ်တွေမှာ PSR/FFP (ဘဏ္ဍာရေး) လိုအပ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မယ့်အန္တရာယ်ရှိပြီး ဒါဟာ ကွင်းထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေနိုင်တယ်” လို့ ယူနိုက်တက်က ပရိသတ်အဖွဲ့ The 1958 ကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားတာကို Associated Press က ရရှိခဲ့ပါတယ်။

ယူနိုက်တက်က ရာသီလယ်ပိုင်းမှာ အနိမ့်ဆုံး လက်မှတ်နှုန်းကို ပေါင် ၄၀ (ဒေါ်လာ ၄၉) ကနေ ပေါင် ၆၆ (ဒေါ်လာ ၈၁) အထိ တိုးမြှင့်လိုက်တာကြောင့် ပရိသတ်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြတာပါ။

“ကျွန်တော်တို့ဟာ တတ်နိုင်သမျှ အမြန်ဆုံး ငွေသား အမြတ်အခြေအနေကို ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ ခက်ခဲတဲ့ ရွေးချယ်မှုအချို့ကို လုပ်ဆောင်ရပါလိမ့်မယ်”လို့ ယူနိုက်တက်က ရေးသားခဲ့ပါတယ်။

ယင်းဟာ “လက်ရှိလိုငွေပြတ်လပ်နေတာ အကုန်လုံး ပြန်လည်ဖြည့်တင်းပေးဖို့ ပရိသတ်တွေဆီကနေ မမျှော်လင့်ပေမဲ့ လက်မှတ်နှုန်း သတ်မှတ်ရေး ဗျူဟာကို ပြန်သုံးသပ်ပြီး “သင့်တော်တဲ့ ပမာဏကို ကောက်ခံထားကြောင်း” သေချာအောင် လုပ်မယ်လို့ အသင်းက ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ဘဏ္ဍာရေး ရေရှည်တည်တံ့ရေး စည်းမျဉ်း (PSR) က ကလပ်အသင်းတွေကို သုံးနှစ်တာကာလအတွင်း ပေါင် သန်း ၁၀၅ (ဒေါ်လာ သန်း ၁၃၂ ဒသမ ၅)အထိ အများဆုံး အရှုံးပေါ်ခွင့်ပြုထားပြီး ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် အမှတ်လျှော့တာမျိုး အရေးယူခံရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့လည်း ဒီလို အရေးယူခံခဲ့ရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ဘဏ္ဍာရေးမျှတစွာ ယှဉ်ပြိုင်မှု စည်းမျဉ်း (FFP) တွေကို မလိုက်နာရင်လည်း အရေးယူခံရနိုင်ပါသေးတယ်။

ယူနိုက်တက်ဟာ ဇွန် ၃၀ ရက်နေ့အထိ တနှစ်တာအတွက် ပေါင် ၁၁၃ ဒသမ၂ သန်း (ဒေါ်လာ သန်း ၁၄၀) အရှုံးပေါ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားပေမဲ့ တချို့သော သုံးစွဲမှုနယ်ပယ်တွေကို လိဂ်ရဲ့ PSR တွက်ချက်မှုတွေမှာ ထည့်သွင်းမထားပါဘူး။

ဒါပေမဲ့ ကလပ်အသင်းက စည်းမျဉ်းတွေနဲ့အညီ လိုက်နာနိုင်စွမ်းနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းကိုတော့ ထုတ်ဖော်ပြောဆိုထားပါတယ်။