ဇယားထိပ်က ချဲလ်ဆီးကို လန်ဒန်သားချင်း မညှာဘဲ အိမ်ကွင်းမှာ အပြတ်တွယ် အနိုင်ကန်သွားတဲ့ ဝက်စ်ဟမ်း

၀က်စ်ဟမ်း အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ယူဖို့ မှန်းနေတဲ့ ချဲလ်ဆီးကို အကျောမခံဘဲ အိမ်ကွင်းမှာ အနိုင်ကန်ကာ ပညာပြသွားပါတယ်။

ဝက်စ်ဟမ်းက အန်တိုနီယိုကို အထောင်ထားပြီး ဘိုဝင်၊ လန်ဇီနီတို့နဲ့ တွဲပေးထားကာ ကွင်းလယ်မှာ ဆိုချော့စ်၊ ဒီလန်ရိုက်တို့နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီးကတော့ သူတို့ရဲ့ ပုံစံအတိုင်း ၃-၄-၂-၁ နဲ့ ခင်းကျင်းလာခဲ့ပြီး ကိုင်ဟာဗက်ဇ်ကို False 9 အဖြစ်သုံးကာ မောင့်၊ ဇီးယက်ချ်တို့နဲ့ တွဲပေးပြီး ဂျော်ဂျင်ဟို၊ ရီစီဂျိမ်းစ်တို့ ပါဝင်လာခဲ့ပါတယ်။

ပွဲအစကတည်းက ချဲလ်ဆီးက ဝက်ဖို့ဒ်နဲ့ပွဲကနဲ့ ကွာခြားတဲ့ခြေစွမ်းနဲ့ တည်တည်ငြိမ်ငြိမ် ဖိအားပေးနိုင်ခဲ့ပြီး အိမ်ရှင် ဝက်စ်ဟမ်းကတော့ ခံစစ်ကိုအသားပြုပြီးပဲ ခံကန်နေခဲ့ရပါတယ်။ ချဲလ်ဆီးတိုက်စစ်မှာ မစ်ဆန်မောင့်ကအလုပ်ဖြစ်ခဲ့ပြီး ဇီးယက်ချ် ကတော့ အချိတ်အဆက် မမိခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်ပိုင်း အသာစီးရယူကာ တည်တည်ငြိမ်ငြိမ် ထိုးဖောက်နေတဲ့ ချဲလ်ဆီးတို့အနေနဲ့ အခွင့်အရေးတွေ ရခဲ့ပေမဲ့လည်း တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်မှုတွေလည်းှ ရှိနေလို့ဂိုးရခက်နေပါတယ်။ ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ ရလာတဲ့အခွင့်အရေးကို သီယာဂိုဆေးလ်ဗားက မြေထောက် ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ချဲလ်ဆီးနောက်တန်းက အနည်းငယ ်တည်ငြိမ်မှု အားနည်းခဲ့ပြီး တစ်ချက်တစ်ချက် ပျာနေခဲ့တာ တွေ့ရပါတယ်။ မိနစ် ၄၀ မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးရခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ လူပေးပုံ မသေသပ်မှု၊ဂိုးသမားမန်ဒီရဲ့ မရှင်းမရှင်း လုပ်မှုကြောင့် ဝက်စ်ဟမ်းတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကိုတော့ လန်ဇီနီက အမှားအယွင်းမရှိ ပိတ်သွင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ချဲလ်ဆီးတို့ ဂိုးရဖို့ တိုက်စစ်ဆင်ပြန်မြှင့်လာခဲ့ရာမှာတော့ ၄၄ မိနစ်မှာ ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။ ဇီးယက်ချ်ရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဂိုးဧရိယာထဲ အသင့်နေရာယူထားတဲ့ မစ်ဆန်မောင့်က လှလှပပနဲ့ ထိန်းတောင် မထိန်းတော့ဘဲ အဆုံးသတ်သွားခဲ့လို့ ပထမပိုင်းက ၁-၂ ဂိုးရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ဟာဗက်ဇ်ကိထုတ်ပြီး လူကာကူကို ထည့်သွင်းပြီးအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၅၆ မိနစ်မှာ ဝက်စ်ဟမ်းတို့ တိုက်စစ်ဆင်ရင်း ဘိုဝင်ရဲ့ အဝေးကန်ချက်ကနေ ဝက်စ်ဟမ်းတို့ ချေပဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးရဲ့ ကစားပုံက ပထမပိုင်းကလောက် မကောင်းတော့ဘဲ အခွင့်အရေး ဖန်တီးမှုပိုင်းလည်း အားနည်းခဲ့ပါတယ်။ လူစားဝင်တိုက်စစ်မှူး လူကာကူအနေနဲ့လည်း ဘာမှလုပ်မပြနိုင်ဘဲ လူပိုလို ဖြစ်နေခဲ့ရပါတယ်။ အိုဒွိုင်း၊ ပူလီဆစ်တို့ကိုထည့်သွင်းခဲ့ပေမဲ့ ချဲလ်ဆီရဲ့ တိုက်စစ်ကစားပုံ တက်လာခြင်းမရှိခဲ့ဘဲ ဝက်စ်ဟမ်းနောက်တန်းကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒီလိုနဲ့ ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်းက မာဆူကူရဲ့ ထင်မှတ်မထားတဲ့ အနေအထားကနေ ဂိုးထဲ တိုက်ရိုက်ကန်သွင်းမှုကို ချဲလ်ဆီးဂိုးသမားမန်ဒီ ယူဆပုံလွဲမှားခဲ့ပြီး ဝက်စ်ဟမ်းက အနိုင်ဂိုးရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဝက်စ်ဟမ်းတို့ အနိုင်ထိ န်းကစားခဲ့ကာ ဇယားထိပ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ အလဲထိုးနိုင်ခဲ့ပါတယ်။