ဂနာချို ကို စိတ်ဝင်စားပေမယ့် ဈေးကွက် အပြင်ဘက်က ဈေးတွေတော့ မပေးဘူးလို့ နာပိုလီ အပြတ်ပြော
နာပိုလီအသင်းအားကစားဒါရိုက်တာ ဂျီယိုဗန်နီ မန်နာကတော့ မန်ယူအသင်းတောင်ပံ ကစားသမား ဂနာချိုကို ခေါ်ယူလိုနေပေမယ့် သာမန်ထက်ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး မျှော်လင့်မထားဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းအား သတိပေးသွားခဲ့ပါတယ်။
မန်ယူအသင်းနဲ့ ယခုဆောင်းရာသီ လမ်းခွဲဖို့ အတော်လေး နီးစပ်နေတဲ့ ဂနာချိုဟာ နာပိုလီအသင်းထံ အငှားထွက်ဖို့ သတင်းထွက်ပေါ်နေသူ တစ်ယောက် ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်ပါ စာချုပ်နဲ့ ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။
မန်ယူအသင်းကလည်း အဆိုပါ အသက် ၂၀ အရွယ်တိုက်စစ် ကစားသမားကို လက်လွှတ်သွားဖို့ ဆန္ဒရှိနေသလို အသင်းထွက်ငွေကို ကာမိအောင် ယခုဆောင်းရာသီအတွင်း ကြိုးစားရမှာ ဖြစ်တာကြောင့် အသင်းရှိ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်နေပါတယ်။
မန်နာက “ ကျွန်တော်တို့ စိတ်ဝင်စားနေတဲ့ ကစားသမားတွေတော့ ရှိနေပါတယ်၊ခ င်ဗျားတို့ ပြောသလို ကစားသမား ၁ ယောက်ထဲ မဟုတ်ပါဘူး၊ နှစ်ယောက်လောက် စိတ်ဝင်စားနေတာပါ။
သေချာတာကတော့ ဈေးကွက်အပြင်ဘက် ရောက်နေတဲ့ ပြောင်းရွှေ့ကြေးမျိုးကိုတော့ ကျွန်တော်တို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး၊ ပြောင်းရွှေ့ကြေးသာမက လစာအနေအထားတွေကိုပါ သုံးသပ်သွားရမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
နာပိုလီ အသင်းဟာ ကာဗရက်ခီလီယာကို ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့ပြီး ဖြစ်တာကြောင့် လူသစ် အင်အားထပ်မံဖြည့်တင်းလိုနေပြီး မန်ယူအသင်း တောင်ပံ ကစားသမား ဂနာချိုကတော့ အဖြစ်နိုင်ဆုံး စာရင်းထဲ ပါဝင်နေပါတယ်။