ဖူလ်ဟမ်ကို နိုင်ပြီး မှတ်တမ်းကောင်းတွေ ရခဲ့ပေမယ့် ပျင်းစရာ ကောင်းကာ ပွဲတွင်း စွမ်းဆောင်ရည် မလှခဲ့တဲ့ ယူနိုက်တက်

မနေ့ညက ဖူလ်ဟမ်နဲ့ အတွေ့မှာ မန်ချက်စတာ ယူနိုက်တက်တို့ လိုအပ်နေတဲ့ နိုင်ပွဲ ရခဲ့ပေမယ့် ပွဲကတော့ ပျင်းစရာကောင်းလွန်းခဲ့ပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံး ယူနိုက်တက်တို့ ပထမဆုံးဂိုးပေါက်ကန်ချက်ကို ၄၂ မိနစ်မှ စတင်ပြုလုပ်နိုင်ခဲ့ပြီး မနှစ်က လီဗာပူးလ်နဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်း ယူနိုက်တက်တို့ ပြိုင်ဘက်ကို ဂိုးပေါက် ကန်ချက် အနည်းဆုံးပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ဂိုးပေါက်ကန်ချက်ကလည်း ဂိုးသွင်းတယ်လို့တောင် ပြောလို့မရဘဲ ဒီလစ်ရဲ့အားမပါတဲ့ ခေါင်းတိုက်ချက်က ပြိုင်ဘက်နဲ့ထိပြီးတော့ ဂိုးသမားလေနို အသာအယာပဲ ဖမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက် ခြေစွမ်း စိတ်ပျက်စရာကောင်းလို့ အိမ်ရှင်ဖူလ်ဟမ်က နည်းနည်းများ ပိုကောင်းမလားဆိုပြီး စောင့်ကြည့်ခဲ့ပေမဲ့ ဘောလုံးကိုင်ပြီးတော့ လျှောက်ပြေးနေတာကလွဲရင် နှစ်သင်းစလုံး ပိန်မသာလိမ်မသာပါပဲ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ကစားပုံ နည်းနည်းပိုကောင်းလာပြီး ဖူလ်ဟမ်ဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြန်ကစားနိုင်ခဲ့ပါတယ်။

ပွဲက အခြေအနေ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုရင် ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ မတိုင်ခင်အထိ နှစ်သင်း စလုံး ပြိုင်ဘက်ရဲ့ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် တစ်ကြိမ်မှ မရှိတဲ့အထိပါပဲ။

ဒါပေမဲ့လည်း ယူနိုက်တက်တို့ ကံကောင်းသွားတာက ၇၈ မိနစ်မှာ ၂၅ ကိုက်အကွာကနေ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကန်ချက်က လူကစ်နဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ အဖိုးတန် အနိုင်ဂိုးရခဲ့ပါတယ်။

အခုနိုင်ပွဲက ယူနိုက်တက်အတွက် စက်တင်ဘာလနောက်ပိုင်း ဒုတိယမြောက် ပရီးမီးယားလိဂ် အဝေးကွင်းနိုင်ပွဲဖြစ်သလို ဖူလ်ဟမ်ရဲ့ Craven Cottage ကွင်းမှာ ၂၀၀၉ စက်တင်ဘာလနောက်ပိုင်းကတည်းက ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။