ရက်ဖို့ဒ် ကို သုံးမယ့် အစား ယူနိုက်တက် ဂိုးနည်းပြပဲ ထည့်ပလိုက်မယ် ဆိုတဲ့ အမ်မိုရင်း

ယူနိုက်တက်နည်းပြ အမ်မိုရင်းကတော့ သူ့အသင်းမှာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ကို ခေါ်မယ့်အစား အသက် ၆၃ နှစ်အရွယ် ဂိုးနည်းပြကိုပဲ ခေါ်ထည့်ကာ အရန်ခုံမှာ ထိုင်ခိုင်းလိုက်မယ်လို့ အပြတ် ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်သား တိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ ပွဲ လူစာရင်းတွေမှာ မပါဝင်လာခဲ့တာ ၆ ပတ် ဝန်းကျင် ရှိနေပါပြီ။ ဖူလ်ဟမ်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာလည်း အရန်လူစာရင်းကတောင် ပါလာခဲ့ခြင်း မရှိပါဘူး။

ရက်ဖို့ဒ်ကို လူစာရင်းထဲ မထည့်ခြင်းအတွက် မေးခံရချိန်မှာ အမ်မိုရင်းက ” အမြဲတမ်း တူညီတဲ့ အကြောင်းရင်းတွေပါပဲ။ လေ့ကျင့်ရေးမှာ ကစားသမားတွေက သူတို့ရဲ့ ဘဝတွေအတွက် အားထုတ်ရပါမယ်။ နေ့ရက်တိုင်း လေ့ကျင့်ချိန်တိုင်းမှာပါ ” လို့ တုန့်ပြန် စကား ဆိုပါတယ်။

အမ်မိုရင်းကတော့ ကစားသမားတွေထံက ကြိုးစားမှုကို မြင်လိုနေပြီး ရက်ဖို့ဒ် ရဲ့ အားထုတ်မှုဟာ သူ့ကို အထင်ကြီးစေခြင်း မရှိပါဘူး။

” အခြေအနေတွေ မပြောင်းလဲလာရင် ကျနော်လည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကစားသမားတိုင်း ဒီလိုပါပဲ။ အမြင့်ဆုံး အနေအထားတွေနဲ့ မှန်ကန်တာတွေကို လုပ်ပြနိုင်ရင် ဘယ်ကစားသမားကို မဆို သုံးပါမယ်။

အရန်ခုံကို ကြည့်မယ်ဆိုရင် အရှိန်ကောင်းတွေ လိုအပ်နေတာကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် အသင်းအတွက် နေ့တိုင်း အားထုတ်ပေးခြင်း မရှိတဲ့ ကစားသမားတစ်ယောက်ကို ထည့်လာရမယ့်အစား ဂျော့ချ် ဗိုင်တယ် (ယူနိုက်တက် ဂိုးနည်းပြ) ကိုပဲ ထည့်လိုက်ပါမယ် ” လို့ ဆက်ပြောခဲ့ပါတယ်။

ရက်ဖို့ဒ် ဟာ ဇန်နဝါရီမှာ အေစီမီလန်နဲ့ သတင်းထွက်ခဲ့ပေမယ့် ဝေါ်ကာ ရောက်သွားခြင်းကြောင့် အီတလီကလပ်ဟာ နောက်ထပ် အင်္ဂလန်သား တစ်ဦးကို ခေါ်ယူနိုင်ခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် ဘာစီလိုနာကလည်း ရက်ဖို့ဒ် ကို စိတ်ဝင်စားပေမယ့် အင်္ဂလန်သားကို ခေါ်ယူဖို့ လူစာရင်း ရှင်းထုတ်နိုင်ခြင်း မရှိသေးပါဘူး။