တိုက်စစ်မှုးတွေ ဖြစ်ပြီး ဂိုးပေါက်နားတောင် မရောက်ဘဲ အရှ-က်ကွဲခဲ့တဲ့ ဟွိုင်လန်း၊ ဇာ့ခ်ဇီတို့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လည်း တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟွိုင်လန်း၊ ဇာ့ခ်ဇီတို့ဟာ စိတ်ပျက်စရာတဲ့ စွမ်းဆောင်ရည်ပြသခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်က အားရစရာမကောင်းခဲ့ဘဲ တိုက်စစ်မှူးနှစ်ဦးဖြစ်ကြတဲ့ ဟွိုင်လန်း၊ ဇာ့ခ်ဇီတို့ဟာ ပြိုင်ဘက်ဂိုးသမားလေနိုကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ မိနစ် ၉၀ အတွင်း ဖူလ်ဟမ်ထက် တိကျတဲ့ဘောလုံးပေးပို့မှုအကြိမ် နည်းပါးခဲ့ပြီး ဂိုးပေါက် ကန်ချက် ၄ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ ပွဲထွက်ကစားခွင့်ရတဲ့ ဟွိုင်လန်းဟာ ၅၈ မိနစ်အတွင်း ဘောလုံးထိချက် ၁၇ ကြိမ်သာရှိသလို အဲဒီထဲက ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၁ ကြိမ်သာရှိခဲ့ပါတယ်။

ဘောလုံးပေးပို့မှု ၈ ကြိမ်မှာ အောင်မြင်တဲ့ဘောလုံးပေးပို့မှုက ၆ ကြိမ်သာရှိခဲ့တာကြောင့် ၅၈ မိနစ်မှာ အမော်ရင်က ဟွိုင်လန်းကို ဇာ့ခ်ဇီနဲ့ လူစားလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အတ္တလန်တာကနေ ပေါင် ၇၂ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့သူ ဟွိုင်လန်းဟာ အခုဆိုရင် ပရီးမီးယားလိဂ် ၄၈ ပွဲကစားပြီးချိန်မှာ ၃၆ ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဟွိုင်လန်းနေရာမှာ လူစားဝင်ကစားခွင့်ရတဲ့ ဇာ့ခ်ဇီကလည်း ဟွိုင်လန်းထက် ပိုဆိုးတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး ဖူလ်ဟမ်အသင်း ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၁ ကြိမ်မှ မရှိဘဲ ဘောလုံးပေးပို့မှု ၅ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရာသီအစက ဘိုလော့ဂ်နာကနေ ယူနိုက်တက်ကို ပေါင် ၃၆.၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဇာ့ခ်ဇီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၃ ဂိုးသာ သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ဟွိုင်လန်း၊ ဇာ့ခ်ဇီတို့ ခြေစွမ်းမပြနိုင်တာကြောင့် ရပ်ရှ်ဖို့ဒ်တစ်ယောက် ပွဲပြန်ထွက်ခွင့်ရမလားဆိုတာ စောင့်ကြည့်စရာဖြစ်လာပါတယ်။

ယူနိုက်တက်ကို အမော်ရင် စတင်ကိုင်တွယ်ချိန်မှာ ရပ်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး အစောပိုင်း ၃ ပွဲမှာ ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အင်တာဗျူးကိစ္စကြောင့် ပြဿနာတက်ပြီးနောက်ပိုင်း ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၁၁ ပွဲဆက်တိုက် ပါဝင်ကစားခွင့် မရတော့ပါဘူး။

ဒါ့အပြင် အမော်ရင်က ရပ်ရှ်ဖို့ဒ်ရဲ့ ကြိုးစားအားထုတ်မှု နည်းပါးပုံကို ဝေဖန်ခဲ့ပြီး ကြိုးစားအားထုတ်မှု မရှိတဲ့ကစားသမားထက် အသက် ၆၃ နှစ်အရွယ် ဂိုးနည်းပြကိုပဲ အသင်းလူစာရင်းမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။