ရူဘင် အေမိုရမ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ကစားသမား ခေါ်ယူမှု သဘောတူညီမှု ရသွားပါပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ ပက်ထရစ်ဒေါ်ဂူကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

ဘယ်နောက်ခံလူဟာ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးခေါ်ယူတဲ့ ကစားသမားအဖြစ် အိုးထရက်ဖို့ဒ်သို့ ရောက်လာပါမယ်။

အေမိုရမ်ဟာ ယခုဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် သူ့ရဲ့ ၃-၄-၃ ကစားကွက်နှင့် အံဝင်တဲ့ ကစားသမားများကို ခေါ်ယူအားဖြည့်လိုနေခဲ့တာ ဖြစ်ပြီး နောက်တန်းအစွန်က အရေးပါတယ်လို့ ယူဆနေပါတယ်။

သူ့ရဲ့ ၃-၄-၃ ကစားကွက်က တောင်ပံခံစစ်သမားကို အားပြုကစားတာဖြစ်ပြီး ယင်းနေရာမှာ အရေးပါပါတယ်။

အီတလီ သတင်းတွေ အရ ယူနိုက်တက်နှင့်လက်ချီတို့အကြားတွင် ဒေါ်ဂူအပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဒေါ်ဂူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းပေးရမှာ ဖြစ်ပြီး အောင်မြင်မှုအပေါ် မူတည်ကာ နောက်ထပ် ပေါင် ၄ သန်းထပ်ပေးရပါမယ်။

အသက် ၂၀ နှစ်ရှိ ဒေါ်ဂူဟာ ၂၀၂၂ ခုနှစ်တွင် လက်ချီသို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်က ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ စီးရီးအေကလပ်အတွက် ၅၇ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းထားနိုင်ပါတယ်။

အရပ် ၆ ပေ၊ ၂ လက်မရှိ ဒေါ်ဂူဟာ ဘယ်နောက်ခံလူအဖြစ်လည်းကောင်း၊ ဘယ်တောင်ပံခံစစ်သမားအဖြစ်လည်းကောင်း၊ တောင်ပံကစားသမားအဖြစ်လည်းကောင်း ကစားနိုင်ပါတယ်။

သူဟာ ဒိန်းမတ်လူငယ်အသင်းအဆင့်ဆင့်တွင် ကစားခဲ့သလို စီနီယာအသင်းအတွက်လည်း ၄ ပွဲကစားကာ ၁ ဂိုးသွင်းထားပါတယ်။