စီးတီး၊ လီဗာပူးတို့ နိုင်ပွဲဆင်ခဲ့ပေမယ့် ချဲလ်ဆီးရှုံးပွဲတွေ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေ အပြီး နံနက်ခင်း သတင်းများ

စနေနေ့ညနဲ့ တနင်္ဂနွေ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းက စတားလင်း၊ ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ကစားနိုင်ခဲ့သလို လီဗာပူးလ်ကလည်း အိုရီဂီရဲ့ နောက်ကျအချိန်ပိုဂိုးကြောင့် ဝုလ်ဗ်ကို ဝ-၁ နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။

ချဲလ်ဆီးကတော့ ဝက်စ်ဟမ်းကို ရှုံးနိမ့်သွားခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ပိုင်းက အပြောင်းအလဲ ဖြစ်ခဲ့ပြီး မန်စီးတီးက ၁၊ လီဗာပူးက ၂ နဲ့ ချဲလ်ဆီးက အဆင့် ၃ ရောက်သွားခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်သမား မေဆန်မောင့်ကတော့ အသင်းသားတွေဟာ စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ်နေကြပြီ ဖြစ်ကြောင်း ရှုံးပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဝုဗ်ကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုး သွင်း အနိုင်ယူလိုက်တာက အသင်း စိတ်ဓာတ်ပိုင်း မာကျောမှု ြ့ပသနိုင်ခဲ့တာ ဖြစ်ကြောင်း အနိုင်ဂိုးရှင် အိုရီဂီက ဖွင့်ဟခဲ့ပါတယ်။

လန်းစ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုက ယနေ့ညပွဲစဉ်ဟာ ၎င်းတို့အတွက် ပျော်စရာညမဟုတ်ခဲ့ကြောင်း ညီးညူပြောဆိုသွားခဲ့ပါတယ်။

ဆိုစီဒက်စ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်းတိုက်စစ်မှူး ဘင်ဇီမာတစ်ယောက် ဒဏ်ရာရရှိခဲ့တာကြောင့် အင်တာမီလန် နဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါဝင်နိုင်ဖို့ သေချာခြင်း မရှိတော့ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် xdkပွဲမှာ ရီးရဲလ်အတွက် သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးလေး ဗင်နီးရှက်ကတော့ ၂၀၀၀ ခုနှစ် aနာက်ပိုင်း မွေးဖွားခဲ့တဲ့ ဘောလုံးသမားတွေအနက် တစ်ရာသီအတွင်း လာလီဂါ သွင်းဂိုး ၁၀ ဂိုးပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့တာလည်း တွေ့ရပါတယ်။

မာလော့ကာကို အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ခဲ့ရပေမယ့် အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီကတော့ ပေါ်တိုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အတွက် အသင့်အနေအထားမှာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဆေးလ်ဗားကတော့ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းလာခဲ့ပေမယ့် ပြိုင်ဘက် လီဗာပူးလ်၊ ချဲလ်ဆီးတို့နဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်း နေတာကြောင့် သတိထားနေရဦးမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဘတ်တစ်အသင်းကို အိမ်ကွင်းမှာတင် ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းနည်းပြ ဇာဗီကတော့ ပရိသတ်တွေ အနေနဲ့ မကြာခင်အချိန်အတွင်း အသင်းအတွက် ဂုဏ်ယူရမှာ ဖြစ်ကြောင်း ကတိပေး ပြောဆိုသွားခဲ့ပါတယ်။

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုကတော့ အိမ်ကွင်းမှာတင် အင်တာမီလန်အသင်းကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက် အသင်းကို ချီးကျူးပြောဆိုသွားခဲ့ပေမယ့် ပွဲအပြီး အင်တာဗျူးလာရောက် ပြုလုပ်ခဲ့တဲ့ သတင်းထောက်ရဲ့ မေးမြန်းမှု အချို့အပေါ်မှာတော့ စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။