မားကပ်စ်ရက်ဖို့ အက်စတွန်ဗီလာသို့ ရောက်ရှိ သွားပါပြီ၊ အချက်အလက်တွေ အရ ဗီလာ အသာချည်းပါပဲ

အက်စတွန်ဗီလာ အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အား အငှားဖြင့် ခေါ်ယူရေး အပြီးသတ် လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူးဟာ ဗီလာပါ့ခ်သို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပြီး စာချုပ်ထဲမှာ ပေါင်သန်း ၄၀ ဝန်းကျင်ဖြင့် အပြီးသတ်ပြောင်းနိုင်မဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

အတွင်းသတင်းများအရ ယူနိုက်တက်ဟာ မားကပ်စ်ရက်ဖို့ဒ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းကို ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဗီလာဟာ မားကပ်စ်ရက်ဖို့ဒ်အတွက် ငှားရမ်းခလည်း ပေးရမှာ မဟုတ်ပါဘူး။

ရက်ဖို့ဒ်က “ဒီအငှားအပြောင်းအရွှေ့ဖြစ်လာတဲ့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ဗီလာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ကလပ်အချို့ ကမ်းလှမ်းလို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဗီလာကိုပဲ အလွယ်တကူ ရွေးလိုက်ပါတယ်။

ဗီလာရဲ့ ဒီရာသီကစားပုံကို ကျွန်တော်သဘောကျသလို မန်နေဂျာရဲ့ ရည်မှန်းချက်တွေကိုလည်း သဘောကျတယ်။ ကျွန်တော်က ဘောလုံး ကစားချင်ရုံလေးပါ။ စတင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ မန်ချက်စတာက လူတွေအားလုံး ရာသီအကုန်အထိ အစစအရာရာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်”လို့ ပြောကြားသွားပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ပထမဆုံး ၂ ပွဲတွင် ၃ ဂိုးသွင်းခဲ့ပေမဲ့လည်း ဒီဇင်ဘာလ မန်ချက်စတာ ဒါဘီပွဲစဉ်မှ စတင်ကာ ယူနိုက်တက်လူစာရင်းမှာ ချန်လှပ်ခြင်းခံလာခဲ့ရပါတယ်။

ယင်းနောက် မားကပ်စ်ရက်ဖို့ဒ်က ကလပ်သစ်သို့ ပြောင်းကာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗီလာဟာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမားဟောင်း မာကိုအဆန်စီယိုကိုလည်း အငှားဖြင့် ခေါ်ယူရန် နီးစပ်နေပါတယ်။

၎င်းတို့ဟာ ဒေါ့မွန်မှ နယ်သာလန်တောင်ပံတိုက်စစ်သမားဒွန်ယဲလ်မာလန်၊ လီဗန်တေးမှ နောက်တန်းအစွန်လူအင်ဒရေဂါစီယာတို့အား ခေါ်ယူထားသလို ကိုလံဘီယာတိုက်စစ်မှူးဂျွန်ဒူရန်ကို Al Nassr သို့ ရောင်းချထားပါတယ်။