ဈေးကွက် ပိတ်တဲ့နေ့ ရောက်လာပေမယ့် တိုက်စစ်မှုး မရသေးဘဲ ယူနိုက်တက် အစွမ်းကုန် ကြိုးစားနေတယ်လို့ အေမိုရမ် ပြောဆို
ရူဘင်အေမိုရမ်က ယနေ့ တနင်္လာနေ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းကို အားဖြည့်ရေး အစွမ်းကုန် ကြိုးပမ်းနေကြောင်းနှင့် အတိတ်တုန်းက အမှားမျိုး ထပ်မံ ပြုလုပ်လာတော့မှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ဂိုးရရှိရေး ရုန်းကန်ခဲ့ရပြန်ပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ အဲဗာတန်၊ အစ္စဝှစ်ချ်၊ လက်စတာ၊ ဆောက်သမ်တန်တို့ထက်သာ ပရီးမီးယားလိဂ်တွင်တိုက်စစ်ကောင်းတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ၎င်းတို့ဟာ ပရီးမီးယားလိဂ်မှာ ၂၈ ဂိုးတည်းသာ ရရှိထားပါတယ်။
ရာစမပ်ဟွိုင်းလန်းမှာ ပြိုင်ပွဲအရပ်ရပ်တွင် ၇ ဂိုး၊ ဂျိုရှာဇတ်ဇီးက ၄ ဂိုးသွင်းထားပါတယ်။
ယူနိုက်တက်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘိုင်ယန်မှ မာသီတဲလ်၊ ချဲလ်ဆီးတိုက်စစ်သမား ခရစ္စတိုဖာ အန်ကန်ကူတို့အား ခေါ်ယူရေး လုပ်ဆောင်နေပေမဲ့ ဖြစ်မြောက်လာဖို့ မရှိပါဘူး။
နည်းပြ အေမိုရမ်က “အတိတ်တုန်းက အမှားမျိုး မလုပ်ဘဲ အသင်းကို ပိုကောင်းလာရေး အစွမ်းကုန် လုပ်ဆောင်နေပါတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ ဟန်ချက်ညီနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
အခုအချိန်မှာ ကလပ်ရဲ့အခြေအနေအရပ်ရပ် အပေါ် နားလည်ပါတယ်။ ဒါပေမဲ့ အစွမ်းကုန်လုပ်နေပါတယ်။ ဒီဈေးကွက်က ကလပ်တွေအတွက် လုပ်ရ ကိုင်ရခက်တယ်။ ကျုပ်လည်း အသင်းကို ပိုကောင်းလာစေချင်တာပဲလေ။
ဘာလိုအပ်နေလဲဆိုတာကိုလည်း သိတယ်။ တတ်နိုင်သလောက် လုပ်နေတယ်။ တခါတလေ လုပ်တိုင်းလည်း မဖြစ်ပါဘူး။ အပြောင်းအရွှေ့ပိတ်ရင် ကိုယ့်မှာ ကစားသမား ဘယ်လောက် ရှိမလဲ ကြည့်မယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် အေမိုရမ်လက်ထက် ပရီးမီးယားလိဂ်ပွဲ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။
အေမိုရမ်ရဲ့ ယူနိုက်တက်အိမ်ကွင်းရှုံးပွဲက ၂ နှစ်ခွဲကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟို (၄ ပွဲ)ထက် ရှုံးပွဲကြုံထားပြီး ၂ ရာသီကိုင်တွယ်ခဲ့တဲ့ လူးဝစ်ဗန်ဂါးလ် (၅ ပွဲ)နှင့် တူညီနေပြီ ဖြစ်ပါတယ်။