ဗီလာမှာ ရက်ဖို့ဒ် ဂိုးတွေ သွင်းနေရင် ယူနိုက်တက် အရှက်ကွဲမှာလား မေးခွန်းကို နည်းပြ အမ်မိုရင်း တုန့်ပြန်

ယူနိုက်တက် နည်းပြ အမ်မိုရင်းက ဗီလာသို့ အငှားချလိုက်တဲ့ မားကပ်စ်ရက်ဖို့ဒ် မရှိတော့ပေမဲ့ အသင်းအတွက် ပြဿနာမရှိကြောင်း ပဲေ့လစ် ပွဲပြီးမှာ ဆိုသွားပါတယ်။

မားကပ်စ် ရက်ဖို့ဒ်ဟာ အမ်မိုရင်း လက်ထက်တွင် ယူနိုက်တက်မှာ ပွဲကစားခွင့် မရတော့တာကြောင့် အက်စတွန် ဗီလာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

ယူနိုက်တက် ရုန်းကန်နေရချိန်တွင် ရက်ဖို့ဒ်က ဗီလာအတွက် ဂိုးသွင်းလာနိုင်ရင် မန်ချက်စတာ ကလပ်အတွက် ရှက်ဖွယ် ဖြစ်လာမှာလားသလို့ သတင်းသမားက မေးခွန်းထုတ်ခဲ့ရာ အသက် ၄၀ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြက အခုလို တုန့်ပြန်ခဲ့ပါတယ်။

” (ရက်ဖို့ဒ် ဂိုးသွင်းရင်) ရှက်စရာ ဖြစ်လာမှာလား။ ဒါက စိတ်ပျက်စရာ မဟုတ်ပါဘူး။ ကစားသမားတစ်ဦးကို အငှားချလိုက်တယ်ဆိုတာက သူ့ကို ကစားခွင့်ရရှိစေချင်လို့ပါ။ ပြီးတော့ တိုးတက်လာစေချင်လို့ပါ။ ဘာမှ ရှက်စရာ မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမတ်စ် တူချယ်ကလည်း ရက်ဖို့ဒ်သာ အက်စတွန်ဗီလာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ရင် အင်္ဂလန် အသင်းအတွက် ပြန်ရွေးချယ်ဖို့ စောင့်ကြည့်နေမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ရက်ဖို့ဒ်နဲ့ အန်တိုနီကို အငှားနဲ့ ရှင်းထုတ်ခဲ့ပေမယ့် တိုက်စစ်မှုးသစ် ပြန်မခေါ်ခဲ့တာကြောင့် ဟွိုင်လန်း၊ အာမက်၊ ဇက်ဇီးတို့ တိုက်စစ် အစုအဖွဲ့နဲ့သာ ရာသီကုန်ထိ ခရီးဆက်ရမှာ ဖြစ်ပါတယ်။