အမ်မိုရင်း ရောက်လာတည်းက ယူနိုက်တက် ဘောလုံး မကစားတတ်တော့ဘူး လို့ ဖာဒီနန် တည့်တိုး ပြောဆို
မန်ချက်စတာ ယူနိုက်တက် အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-ဝ နဲ့ ရှုံးနိမ့်ပြီးတဲ့နောက် သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ယူနိက်တက်ရဲ့ ပကတိ အနေအထားကို ဖော်ထုတ် ထောက်ပြသွားခဲ့ပါတယ်။
ဖာဒီနန် ကတော့ နည်းပြ အမ်မိုရင်း ရောက်လာတည်းက ယူနိုက်တက် အသင်းသားတွေဟာ ဘောလုံးကို ကစားတတ်တဲ့ ပုံ မပေါ်တော့ဘူးလို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာပါ။
” ဒီနေ့ပွဲမှာ ယူနိုက်တက်က ဘာမှတောင် မခြိမ်းခြောက်နိုင်ခဲ့ဘူး။ ဂိုးပေးလိုက်ရပြီးမှသာ နည်းနည်း အားသွန်ခွန်စိုက် ကြိုးစားတာ မြင်ရတယ်။ ပွဲချိန်တွင်း ထူထူထိုင်းထိုင်းနဲ့ ကစားနေတော့တာပဲ။ အဲဒီပုံစံက ဖူလ်ဟမ်နဲ့ ပွဲမှာရော၊ ရိမ်းဂျားစ်နဲ့ ပွဲမှာပါ မြင်ခဲ့ရတယ်။
ဘောလုံး ပိုင်ဆိုင်မှု ရထားလည်း ဘာလုပ်ရမှန်း မသိသလို ဖြစ်နေတယ်။ အခုဆို အိုးထရက်ဖို့ဒ်ကို လာတဲ့ အသင်းတွေက လေးစားသမှုကို မရှိကြတော့ဘူး။
မန်နေဂျာ အနေနဲ့ သူ့အသင်းကို ဒီလို ခက်ခဲတဲ့ ကာလကနေ ဆွဲထုတ်ဖို့ နည်းလမ်း ရှာရပါမယ်။ ပွဲထဲမှာ အကောင်းမြင်စရာလေးတွေ မြင်ရအောင် နည်းလမ်း ရှာရမယ်။
ဒီအသင်းက ဘောလုံးကိုတောင် နည်းမှန် လမ်းမှန် ကစားတတ်တဲ့ ပုံ မပေါ်တော့ဘူ ဖြစ်နေတယ်။ ဒီမန်နေဂျာ ရောက်လာတည်းက ဘယ်လို ကစားရမယ်၊ ဘယ် patterns သွားရမယ် ဆိုတာ တကယ် မသိကြတော့တဲ့ ပုံပဲ။
ယူနိုက်တက်က ခံစစ်လည်း မကစားနိုင်ဘူး။ ခံစစ် ဧရိယာထဲမှာ အန္တရာယ်ရဲ့ အငွေ့အသက်ကိုလည်း မသိတော့ဘူး။ အထူးသဖြင့် ကွင်းထဲ ရှေ့တက် ကစားနေတဲ့ အချိန်ပေါ့။ ပြောရရင် အသင်းမှာ အဖက်ဖက်ကကို လုံလောက် ကောင်းမွန်မှု မရှိတာပဲ။ ” လို့ ရီယို ဖာဒီနန်က ထောက်ပြ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။