ယူနိုက်တက်အတွက် ထိုးနှက်ချက် ဖြစ်လာတဲ့ မာတီနက်ဇ် ရာသီကုန်ထိ နားရဖွယ် ရှိလာခြင်း

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာကို စိုးရိမ်တကြီးဖြစ်နေပါပြီ။

ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဂိုးနဲ့ရှုံးတဲ့ပွဲ၊ ဒုတိယပိုင်းမိနစ် ၈၀ ကျော်မှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြိုင်ဘက်ကစားသမား အစ္စမိုင်လာဆားကို တားဆီးဖို့ ကြိုးစားရင်း ကွင်းမြက်ခင်းပြင်နဲ့ခြေထောက်ညှပ်ပြီးတော့ ဆိုးဆိုးရွားရွား ထိခိုက်မိတာဖြစ်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာကို ဆေးအဖွဲ့က ဆေးကုသမှုပေးခဲ့ပေမဲ့လည်း အခြေအနေမကောင်းတာကြောင့် အမော်ရင်က လီဆန်ဒရိုမာတီနက်ဇ်ကို လူစားလဲခဲ့ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့သယ်ထုတ်သွားချိန်မှာ လီဆန်ဒရိုမာတီနက်ဇ်တစ်ယောက် ဝမ်းနည်းတကြီး ငိုကြွေးခဲ့ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ ကာလရှည်အနားယူရဖို့ရှိတာကြောင့် ဒီရာသီမှာ အသင်းအတွက် ပြန်မကစားနိုင်တော့မှာကို ယူနိုက်တက်အသင်းဆေးအဖွဲ့က စိုးရိမ်နေကြတယ်လို့ Manchester Evening News သတင်းစာက ဖော်ပြခဲ့ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ၄ လအထိ အနားယူရဖို့ရှိတဲ့အတွက် အဲဒီအတိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင် ဒီရာသီမှာ ဘောလုံးပြန်ကစားနိုင်ဖို့ မရှိတော့ပါဘူး။

၂၀၂၂ ခုနှစ်တုန်းက အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက်ကစားသမားဘဝမှာ မတူညီတဲ့ ဒဏ်ရာပြဿနာ ၄ ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲဦးထွက်ရာသီတုန်းက ခြေချောင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရသလို ၂၀၂၃-၂၄ ရာသီမှာလည်း ခြေထောက်၊ ခြေသလုံး၊ ဒူးဒဏ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခု လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒူးဒဏ်ရာရခဲ့ပုံရပြီး နည်းပြအမော်ရင်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာပါပြီ။

နောက်ပိုင်းပွဲတွေမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပုံစံကောင်းပြသနိုင်ခဲ့သလို လီဗာပူးလ်၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေတုန်းက အရေးပါတဲ့ ဂိုးတွေသွင်းယူခဲ့ပြီး ၄ မှတ်အထိရပေးယူခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က “အခြေအနေကတော့ လီဆန်ဒရိုမာတီနက်ဇ် အတွက်သာမက ကျွန်တော်တို့အတွက်ပါ ဆိုးရွားလွန်းပါတယ်။ သူ့ဒဏ်ရာနဲ့ပတ်သက်လို့ နောက်ထပ်ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ရမှာဖြစ်ပြီး သေချာတာက အခြေအနေ မကောင်းဘူးဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။