ဂါနာချိုအတွက် ယူနိုက်တက်ရဲ့ တောင်းဆိုမှုက မမျှတလို့ ညှိမရခဲ့ကြောင်း ဖွင့်ချလာတဲ့ နာပိုလီ

နာပိုလီအသင်းက မန်ချက်စတာယူနိုက်တက်ကနေ ဂါနာချိုကို ဘာကြောင့်မခေါ်ယူနိုင်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပက်ထရစ် ဒေါ်ဂူအတွက် မန်ယူနိုက်တက်က ဈေးကြီးပေးခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

နာပိုလီဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ခဗာရက်စခီလီယာရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ကနေ ဂါနာချိုကို ခေါ်ယူဖို့ပြောဆိုဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဂါနာချိုအတွက် တောင်းဆိုခဲ့တဲ့ ပြောင်းရွေ့ကြေးကို ယူရို ၆၅သန်းအထိ လျှော့ချပေးခဲ့ပေမယ့်လည်း နာပိုလီက သဘောတူညီမှုရရှိအောင် မညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

နာပိုလီအားကစားဒါရိုက်တာ မန်နာက အာဂျင်တီးနားကြယ်ပွင့်ရဲ့ လစာ ပမာဏဟာ သူတို့ အသင်းရဲ့ လက်ရှိ လစာပေးချေမှုပုံစံနဲ့ မကိုက်ညီခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

“ခဗာရာမထွက်ခင်ကတည်းက ကျွန်တော်တို့ ဂါနာချိုနဲ့တောင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မန်ယူနိုက်တက်ကို ကျွန်တော်တို့ အရေးကြီးတဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ကျွန်တော်တို့ အရမ်းနီးစပ်ခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်က ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ကို စွန့်ခွာချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ဇူလိုင်လမှာ အခြေအနေတွေက မတူညီနိုင်တာကြောင့်ပါ။ သူက လတ်တလောမှာ ကျနော်တို့မလုပ်နိုင်တဲ့ ဘဏ္ဍာရေးအရ စိတ်ကျေနပ်မှုကိုလိုချင်ခဲ့တယ်။ အဲဒါကိုမလုပ်ချင်ခဲ့ဘူး။ အဲဒါကမျှတတယ်လို့တောင်မထင်ပါဘူး။

ကျနော်တို့ အဝတ်လဲခန်းထဲမှာ ပျမ်းမျှလစာကရှိပြီးသားပါ။ လူငယ်ကစားသမားတစ်ယောက်ကို မြင့်မားတဲ့လစာနဲ့ ခေါ်ယူခဲ့မယ်ဆိုရင် အရေးကြီးတာတွေကိုလုပ်နေတဲ့ တခြားလူတွေအတွက်မသင့်တော်ပါဘူး။ ကျနော်တို့ပြိုင်ပွဲ အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းကိုဖန်တီးနေတာပါ။ အဲဒီအတွက်နည်းပြနဲ့ကစားသမားတွေကိုကျေးဇူးတင်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

နာပိုလီအသင်းကလည်း ဇန်နဝါရီဈေးကွက် နောက်ဆုံးရက်မှာ မန်ချက်စတာယူနိုက်တက်ကို ယူရို၃၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အသက်၂၀အရွယ်ကစားသမား ပက်ထရစ် ဒေါ်ဂူကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

မန်နာက နာပိုလီအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုအတိုင်း မပြုလုပ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပေမယ့် သရဲနီတွေရဲ့ ကမ်းလှမ်းမှုက လက်ရှိ ဈေးကွက်ပေါက်ဈေးထက်မြင့်မားနေတယ်လို့‌ ‌‌ပြောဆိုခဲ့ပါတယ်။