လူကျွံတယ် ပြောနေကြတဲ့ မက်ဂွဲရားရဲ့ အနိုင်ဂိုးကို ဘာလို့ VAR ပြန်မကြည့်ခဲ့တာလဲ

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လက်စတာတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက် ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၃ မိနစ်မှ သွင်းတဲ့ မက်ဂွဲရား သွင်းဂိုးကြောင့် ကပ် အနိုင်ရသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားပြီ ဖြစ်ပေမယ့် လက်စတာကတော့ ကြေကွဲခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲရလဒ် အဆုံးအဖြတ် အတွက် အရေးပါတဲ့ မက်ဂွဲရား သွင်းဂိုးမှာ အင်္ဂလန်သားက ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ် ကန်ချက်ကို ခေါင်းတိုက် ဂိုးသွင်းဖို့ ကြိုးစားချိန် လူကျွံနေခဲ့တယ် လို့ ထောက်ပြမှု တွေ ရှိနေပါတယ်။

ဒါပေမယ့် စည်းကြပ်ဒိုင်က အလံမထောင်ခဲ့သလို VAR နဲ့လည်း ပြန်မကြည့်တာကြောင့် ဝေဖန်မှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလထဲမှာ အက်ဖ်အေ ဘက်က VAR ကိစ္စ သတင်းကြိုတင် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

အက်ဖ်အေက ” VAR စနစ်ကို အက်ဖ်အေဖလား ပဉ္စမအဆင့်ကနေသာ စတင် ကျင့်သုံးပြီး ဝင်ဘာလေက ဖိုင်နယ်ထိ သုံးသွားမှာ ဖြစ်ကြောင်း၊ တတိယနဲ့ စတုတ္ထအဆင့် ပွဲစဉ်တွေမှာ VAR သုံးမှာ မဟုတ်ကြောင်း ” သတင်းထုတ်ပြန်ထားခဲ့တာပါ။

ယခင်က ဆိုရင် ကုန်ကျစရိတ်တွေကြောင့် VAR ကို ဝင်ဘာလေမှာ ကန်တဲ့ အက်ဖ်အေပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲတွေမှသာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲရားရဲ့ သွင်းဂိုးကို လူကျွံမသတ်မှတ်ဘဲ ခွင့်ပြုတာကြောင့် အစီအစဉ် တင်ဆက်သူတွေ ဖြစ်တဲ့ အီယန်ရိုက်နဲ့ ရွိုင်ကိန်းတို့တောင် အံ့အားသင့်နေခဲ့ကြပါတယ်။