နိုင်ပြီး နောက်တစ်ဆင့် တက်ပေမယ့် အားရစရာ မရှိတဲ့ ယူနိုက်တက် အခြေအနေကို ရွိုင်ကိန်းကြီး ထောက်ပြ

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ လက်စတာကို နိုင်ပြီး အက်ဖ်အေဖလား ပဉ္စမ အဆင့် တက်သွားတယ် ဆိုပေမယ့် ကစားပုံကတော့ အားရစရာ မရှိခဲ့ပါဘူး။

၂-၁ နဲ့ နိုင်ခဲ့သည့်တိုင် ယူနိုက်တက်ရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ ပွဲချိန် ၆၈ မိနစ်က သွင်းဂိုး မတိုင်ခင်မှာ မန်ချက်စတာ ကလပ်ဟာ ဂိုးပေါက် တည့်မှု တစ်ကြိမ်တောင် မရှိခဲ့တာပါ။

သရဲနီ ဂန္တဝင်ကြီး ရွိုင်ကိန်းကတော့ ယူနိုက်တက် နိုင်ပွဲရသွားတယ် ဆိုတာနဲ့ ပရိသတ်တွေ ပျော်ရွှင် ယစ်မူး မနေဘဲ အသင်း အခြေအနေမှန်ကို မြင်အောင်ကြည့်ကြဖို့ ထောက်ပြသွားပါတယ်။

” ဒါက အစစ အရာရာမှာ နည်းနည်းစီကို လိုအပ်နေသေးတာလို့ ကျွန်တော် မြင်တယ်။ မန်နေဂျာ ကြည့်ရတာလည်း တကယ်ကို ဒေါကန်နေတဲ့ ပုံပါ။

ကျွန်တော် လုံးဝ နားမလည်နိုင်တာက အသင်းကြည့်ရတာ အားအင်ကုန်ခမ်းနေတဲ့ ပုံ ပေါက်နေတာပဲ။ ကျွန်တော်တို့က နည်းစနစ်တွေ ဗျူဟာတွေ အကြောင်းသာ ပြောနေကြတယ်၊ ဒါတွေ ကစားဖို့က အင်ပြည့် အားပြည့်နဲ့ ကစားမှ ရတာလေ။ အခြေခံ အကျဆုံးကတော့ အားသွန်ခွန်စိုက် ကစားဖို့ပဲ။

ဘယ်လို system နဲ့ ကစားတယ်ပဲ ပြောပြော အားမစိုက်နိုင်ရင် ဘယ်ပြိုင်ဘက်နား ကပ်နိုင်မှာလဲ။ ပြိုင်ဘက်တွေကို နောက်ကောက်ချ နိုင်ရမယ်။ ဒီည ပွဲကတော့ ခြေစွမ်းညံ့တဲ့ နှစ်သင်း ကွင်းထဲ မြင်နေရတာပဲ။

ယူနိုက်တက် ပရိသတ်တွေ အရူး အလုပ်မခံကြနဲ့ဗျ။ နောက်တစ်ဆင့် တက်သွားလို့ ချီးကျူးချင်တယ် ဆိုရင်တောင် သူတို့ စွမ်းဆောင်ရည်က ကောင်းပါတယ် ဆိုတဲ့နားကို နည်းနည်းမှ မနီးစပ်ဘူး။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။