ဆာအဲလက်စ် ဖာဂူဆန်တောင် ပွဲကြည့်စင်မှာ တဝှါးဝှါး သမ်းရတဲ့ထိ ပျင်းစရာ ကောင်းခဲ့တဲ့ မန်ယူရဲ့ ခြေစွမ်း

ပြီးခဲ့တဲ့ လက်စတာနဲ့ FA ပွဲမှာ ယူနိုက်တက်အသင်းရဲ့ စိတ်ပျက်စရာခြေစွမ်းကို ပရိသတ်တွေသာမကဘဲ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လည်း ဝဋ်ခံပြီးတော့ ကြည့်ခဲ့ရပြီး ပွဲကြည့်နေရင်း အိပ်ငိုက်လာလို့ သမ်းဝေတဲ့အထိဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ဂိုးပေါက်ကန်ချက် ၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိဘဲ လက်စတာအသင်းက ကော်ဒိုဘာရိဒ်ရဲ့ အဖွင့်ဂိုးကြောင့် အနောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်တို့ ကံကောင်းခဲ့တာက ၆၈ မိနစ်မှာ ဇာ့ခ်ဇီက ချေပဂိုးပြန်သွင်းခဲ့ပြီး နာကျင်အချိန်ပို ၉၃ မိနစ်မှာ မက်ဂွိုင်းယားက လူကျွံအနေအထားကနေ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းခဲ့တာကြောင့် FA ဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ခွင့်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ခြေစွမ်းက ပျင်းရိငြီးငွေ့စရာကောင်းလွန်းလို့ ပွဲကြည့်စင်ပေါ်မှာ အားပေးနေတဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ကိုယ်တိုင်တောင် ဟန်မဆောင်နိုင်တော့ဘဲ အားရပါးရ သမ်းတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲအပြီးမှာ ယူနိုက်တက်နိုင်ပွဲရခဲ့တာကြောင့် ဖာဂူဆန်ကြီး ရယ်ရယ်မောမောနဲ့ သူ့ဘေးနားက နာမည်ကျော်နည်းပြဟောင်း အလာဒွိုက်စ်နဲ့စကားပြောဆိုခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဖာဂူဆန်ကြီး သမ်းဝေတဲ့ဖြစ်ရပ်က အွန်လိုင်းမှာ ပွဲကျစရာဖြစ်နေပြီး ပရိသတ်တွေကတော့ အဲဒါနဲ့ပတ်သက်လို့ နောက်ပြောင်နေကြပါတယ်။

ပရိသတ်တွေက ‘အမော်ရင်ရဲ့ကစားဟန်က ဘယ်လောက်တောင် စွဲမက်စရာကောင်းလဲဆိုရင် ဖာဂူဆန်တောင် သမ်းဝေရတဲ့အထိပါပဲ’ ၊ ‘ဖာဂူဆန်တောင် သမ်းရတယ်ဆိုရင် ယူနိုက်တက်ကစားပုံက ဘယ်လောက် ပျင်းစရာကောင်းလဲဆိုတာ သိနိုင်ပါတယ် ‘၊ ‘ဖာဂူဆန်တစ်ယောက် အိမ်ကို အမြန်ဆုံးပြန်ချင်နေပုံရပါတယ်’ စသဖြင့် အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။