စပိန်မြေရောက်မှ တခြားသူ တစ်ယောက်လို ခြေစွမ်းတွေ အရမ်း ပြနေတဲ့ ယူနိုက်တက် ရဲ့ ဒေါက်ချွန်ဆရာလေး
မန်ချက်စတာ ယူနိုက်တက်ကနေ ဘက်တစ်ကို အငှားနဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်ကစားသမား အန်တိုနီဟာ စပိန်မြေမှာ ဆက်တိုက်ခြေစွမ်းပြနေပြီး ဘက်တစ်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ပေါ့ဘာပြီးရင် ဒုတိယမြောက်ကြေးအကြီးဆုံးကစားသမားဖြစ်ခဲ့သူ အန်တိုနီဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘက်တစ်အသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
အန်တိုနီဟာ ဘီလ်ဘာအိုနဲ့ ၂-၂ ဂိုးစီ သရေကျတဲ့လာလီဂါပွဲမှာ ဘက်တစ်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး Indirect Assist လုပ်ခဲ့သလို အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆု(Man of The Match)ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့က ဆယ်လ်တာဗီဂိုနဲ့လာလီဂါပွဲမှာလည်း အန်တိုနီ ပွဲထွက်ကစားခဲ့ပြီး ပွဲအစ ၁၀ မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီကစလို့ ယူနိုက်တက်အသင်းအတွက် လိဂ်ပြိုင်ပွဲမှာ ၃၇ ပွဲကစား၊ ၁ ဂိုးသာ သွင်းနိုင်ပေမဲ့ အခု ဘက်တစ်အသင်းမှာတော့ လိဂ်ပွဲစဉ် ၂ ပွဲကစားအပြီးမှာပဲ ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ အန်တိုနီအတွက် ၂၀၂၄ ဧပြီ ၂၇ ရက်တုန်းက ဘန်လေနဲ့ပွဲနောက်ပိုင်း ပထမဆုံးသွင်းခဲ့တဲ့ လိဂ်သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ အန်တိုနီက ၇၂ မိနစ်ကစားပြီး ဘောလုံးထိချက် ၄၅ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၂၂ ကြိမ်၊ ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့ ကျော်ဖြတ်နိုင်မှု ၃ ကြိမ်နဲ့ ၁ ဂိုးသွင်းယူခဲ့တဲ့အပြင် Man of The Match ဆုကိုလည်း ၂ ပွဲဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ အန်တိုနီ ပုံစံကောင်းပြသနိုင်ပေမဲ့လည်း ဘက်တစ်အသင်း နိုင်ပွဲပျောက်ခဲ့ပြီး ဘီလ်ဘာအိုနဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ပြီးမှ ၂-၂ ဂိုးစီ သရေကျခဲ့သလို အခု ဆယ်လ်တာဗီဂိုနဲ့ပွဲမှာလည်း ပထမပိုင်းအပြီးမှာ ၂-၀ ဂိုးပြတ်အနိုင်ရပြီးမှ ၃-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒါကြောင့် ပွဲအပြီး DAZN ရုပ်သံနဲ့အင်တာဗျူးမှာ အန်တိုနီက “ကျွန်တော်တို့အသင်းဟာ အခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်နေပါပြီ။ ပွဲအစကို ပုံစံကောင်းနဲ့စတင်ပြီး အဆုံးသတ်ကောင်းအောင်လည်း မဖြစ်မနေ ကြိုးစားရမှာပါ . . . ”
“ကျွန်တော်တို့အနေနဲ့ အခုထက် အလုပ်ပိုကြိုးစားဖို့ လိုအပ်ပြီး အခုပွဲမှာ ကျွန်တော်တို့အသင်း ၃ မှတ်ရယူဖို့အတွက် အကောင်းဆုံးဖြစ်အောင် မလုပ်ပြနိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။