ရက်ကလစ်ဖ်ရဲ့ အသုံးစရိတ်လျှော့ချမှု ပလန်ကြောင့် အလုပ် ထပ်ပြုတ်ဦးမယ့် ယူနိုက်တက် ဝန်ထမ်းများ
ယူနိုက်တက်ဟာ ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ အသုံးစရိတ်လျှော့ချမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ဝန်ထမ်း ၂၀၀ အထိ လျှော့ချလာဖို့ ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ယူနိုက်တက်ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ပေါင် ၁ ဘီလီယံပေးကာ ဝယ်ယူခဲ့တဲ့ ဆာဂျမ်ရက်ကလစ်ဖ်ဟာ အိုးထရက်ဖို့ဒ်သို့ ရောက်လာပြီးနောက် ဘဏ္ဍာရေးဟန်ချက်ညီရေး လုပ်ဆောင်လာခဲ့ပါတယ်။
ယနေ့တွင် The Sun ရဲ့ ဖော်ပြလာမှုအရ ဆာဂျမ်ရက်ကလစ်ဖ်ဟာ အသုံးစရိတ်လျှော့ချမှု နောက်ဆုံးလုပ်ဆောင်ချက်အဖြစ် ဝန်ထမ်း ၁၀၀ မှ ၂၀၀ အတွင်း လျှော့ချလာဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဌာနအသီးသီးမှ ဝန်ထမ်းများကို လျှော့ချလာမှာလည်း ဖြစ်ပါတယ်။ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဇူလိုင်လတုန်းကလည်း ဝန်ထမ်း ၁၁၅၀ မှ ၂၅၀ တို့အား လျှော့ချခဲ့ပြီးလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းတွင် ပေါင်သန်း ၃၀၀ အထိ အရှုံးပေါ်ထားပါတယ်။ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ငွေကြေးဖြည့်တင်းထားပေမဲ့လည်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ယခုကဲ့သို့ အသုံးစရိတ်လျှော့ချလာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသုံးစရိတ်လျှော့ချရေးအတွက် နည်းလမ်းများစွာ အသုံးပြုကာ တဖက်တွင် အသင်းရဲ့ ဝင်ငွေတိုးပွားရေးအတွက်လည်း လုပ်ဆောင်နေတာပါ။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်အား ကလပ်သံတမန်ဖြစ်မှ ဖယ်ရှားကာ တစ်နှစ်လုပ်ခ ပေါင် ၂.၁၆ သန်း လျှော့ကျလာအောင် လုပ်ခဲ့ပြီး ဖြစ်သလို ဝန်ထမ်းများအတွက် ခရစ္စမတ်ပါတီပွဲဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ခရစ္စမတ်ကာလတုန်းက ဝန်ထမ်းများကို ပုံမှန်ပေးနေကြ ပေါင် ၁၀၀ အပိုဆုကြေးငွေ ပေးခြင်း မပြုလုပ်ဘဲ ပေါင် ၄၀ တန် M&S ဈေးဝယ်ကတ်သာပေးခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ ယူနိုက်တက်ကစားသမားဟောင်းများအား ထောက်ပံ့နေတဲ့ ပေါင် ၄၀၀၀၀ လှူဒါန်းမှုကိုလည်း ရပ်ဆိုင်းထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မေလတုန်းကလည်း ဝင်ဘာလေ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဝန်ထမ်းများရဲ့ ခရီးစရိတ်၊ အစားအသောက်စရိတ်၊ ပါတီစရိတ်တို့အား ပေးမှုကို ရပ်ဆိုင်းခဲ့ဖူးပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ကွင်းတွင်းမှာတော အေမိုရမ်လက်ထက်မှာလည်း ဆက်လက် ရုန်းကန်နေရပြီး အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေရပါတယ်။