ပထမဆုံး ရှုံးပွဲမှာ ဘာစီလိုနာလိုအပ်ခဲ့တဲ့ ကစားဟန်ကို ဖော်ထုတ်လိုက်တဲ့ ဇာဗီ

ဘာစီလိုနာဟာ မနေ့ညက အိမ်ကွင်းမှာ ရီးရဲ ဘက်တစ် အသင်းကို ဧည့်ခံ ကစားပြီး ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ကိုးမန်းနေရာ ဇာဗီ ဆက်ခံပြီးနောက် ပထမဆုံး ရှုံးခဲ့တဲ့ပွဲဖြစ်ကာ အခုဆိုရင် ဇယားထိပ်က ရီးရဲလ်နဲ့ ရမှတ်တွေ ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ရုန်းကန်ရတော့မှာဖြစ်တယ်။ ဘက်တစ်ပွဲမှာ ဘာစီလိုနာရဲ့ အနေအထားက အတော်လေးကို ဆိုးရွားခဲ့ပေမယ့် ရလဒ်တစ်ခုခုတော့ ရခဲ့သင့်တယ်လို့ ဇာဗီက မြင်ပါတယ်။

မနေ့ညက ပွဲမှာ ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ လူငယ် ကစားသမားလေး ဂါဘီရဲ့ အခြေအနေက စိုးရိမ်စရာ မရှိဘဲ လာမယ့် ရက်အတွင်း ပြန်လည် ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ ဒီရလဒ်ထက် ပိုပြီး ထိုက်တန်ပါတယ်။ ပွဲပြီးသွားချိန်မှာ ဘာမှ ရအောင် မယူနိုင်ခဲ့တာ တကယ် ရှက်စရာပါပဲ။ ဒီပွဲကို အနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစားခဲ့တာပါ။ ပေးလိုက်ရတဲ့ ဂိုးက တော်တော်လေး ဒေါသထွက်စရာ ကောင်းပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုပုံစံမျိုး ကနေ ဂိုးမပေးရအောင် ကျွန်တော်တို့ အချိန်ကုန်ခံပြီး လေ့ကျင့် ထားခဲ့လို့ပါ။

ဒီပွဲက မရှုံးထိုက် ပါဘူး။ မိနစ် ၂၀-၂၅ မိနစ်လောက် ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ကတော့ အများကြီးပါပဲ။ ဒုတိယပိုင်းမှာ ဘက်တစ်ရဲ့ တန်ပြန် တိုက်စစ်တွေကို ခုခံဖို့ ပိုပြီး ဘာစီလိုနာ ဆန်ဆန် ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလို ဂိုးမျိုးတွေ ထပ်ပြီး ခွင့်ပြုနေလို့ မဖြစ်ပါဘူး ” လို့ ဇာဗီက ပွဲအပြီးမှာ ပြောဆို သွားခဲ့ပါတယ်။

ကြားရက်မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ဘိုင်ယန်မြုးနစ် ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ အနိုင်ရလဒ် မရယူနိုင်ဘဲ အခြားသော အုပ်စုတွင်းပွဲစဉ်မှာ ဘင်ဖီကာ အနိုင်ရသွားမယ်ဆိုရင် ဘာကာတို့ ယူရိုပါလိဂ်ထံ ဆင်းကစားရမှာဖြစ်ပါတယ်။