ယူနိုက်တက် ပါဝင်နေတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ စတင် အသုံးပြုမယ့် လူကျွံ ဖမ်း နည်းပညာသစ်
အင်္ဂလိပ် ဘောလုံးလောကတွင် ပထမဆုံးအကြိမ် Semi-Automated Offsides နည်းပညာ ပထမဆုံးအကြိမ် အဖြစ် အသုံးပြုမှုအဖြစ် အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် အသုံးပြုလာပါမယ်။
အက်ဖ်အေက ပရီးမီးယားလိဂ်ကလပ် ကွင်း ၇ ကွင်းတွင် ကစားမဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွင် Semi-Automated Offsides နည်းပညာကို အသုံးပြုလာမယ်လို့ ကြေညာလာတာပါ။
Semi-Automated Offsides နည်းပညာမှာ ကစားသမားရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အလိုအလျှောက် ဆန်းစစ်မှု ပြုလုပ်ပြီး နည်းပညာဖြင့် လူကျွံ၊ မကျွံ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ယခင်တုန်းက VAR က ကစားသမားတစ်ဦး ဂိုးသွင်းလာချိန်တွင် ဘောလုံးကန်တဲ့အချိန်၊ ရောက်တဲ့နေရာ၊ ဘောလုံးကန်တဲ့အချိန် နောက်ခံလူရဲ့ ဘော်ဒီအနေအထားတို့ကို ကြည့်ရှုပြီး လူကျွံမကျွံ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ ယင်း တာဝန်အားလုံးကို နည်းပညာက တာဝန်ယူလာပါမယ်။
ကစားသမားများရဲ့ အစိတ်အပိုင်းများကို ကွင်းအတွင်း တပ်ဆင်ထားတဲ့ ကင်မရာများက ဖမ်းဆီးကာ စစ်ဆေး အဖြေထုတ် ပေးလာမှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ Semi-Automated Offsides နည်းပညာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင် အသုံးပြုရန် စီစဉ်ထားခဲ့ပေမဲ့လည်း နည်းပညာအား စမ်းသပ်မှု ပြုလုပ်မှုနှင့်အတူ ရွှေ့ဆိုင်းခဲ့ပါတယ်။
ယင်းနည်းပညာကို ယူအီးအက်ဖ်အေက ၂၀၂၂-၂၃ ချန်ပီယံလိဂ်ရာသီအစတွင် အသုံးပြုခဲ့သလို ဖီဖာကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုခဲ့ဖူးပါတယ်။
တဖက်တွင် VAR ကလည်း အက်ဖ်အေဖလားပဉ္စမအဆင့် ၈ ပွဲလုံးတွင် တာဝန်ထမ်းဆောင်သွားပါဦးမယ်။ အက်ဖ်အေ ဖလား ပဉ္စမ အဆင့်ပွဲစဉ်များကို မတ်လ ၁ ရက်နေ့မှာ ကစားပါမယ်။