ရာသီကုန်ရင် ဆန်ချို ကို အပြီးမဝယ်ချင်လို့ လမ်းကြောင်းရှာနေပြီ ဖြစ်တဲ့ ချယ်ဆီးအသင်း
ချယ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးဝယ်မယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူထားတဲ့ အပြောင်းအရွှေ့ စာချုပ်ကို ဖျက်သိမ်းဖို့ နည်းလမ်း ရှာနေပြီ လို့ သတင်းထွက်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်သမား ဂျာဒန် ဆန်ချို ကို ချယ်ဆီး က ကနဦး အငှား၊ ရာသီကုန်ရင် အပြီး ဝယ်ယူခွင့်နဲ့ ခေါ်ယူထားခဲ့ပြီး အခုအချိန်မှာတော့ ချယ်ဆီးက ဆန်ချို ကို ဝယ်ယူလိုခြင်း မရှိတော့ပါဘူး။
အငှား စာချုပ်မှာတုန်းကတော့ လာမယ့်နွေမှာ ပေါင် သန်း ၂ဝ-၂၅ သန်း ကြား ပမာဏနဲ့ ဆန်ချို ကို ဝယ်ယူမယ် သဘောတူ ထည့်သွင်းထားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက် ဟာ ဆန်ချို ကို ၂၀၂၁ မှာ ဒေါ့မွန် အသင်းထံကနေ ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ ဒါပေမယ့် အသက် ၂၄ နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သားဟာ အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ မပြသနိုင်ခဲ့ပါဘူး။
ချယ်ဆီးထံ အငှား ထွက်ကစားချိန် ကစားသမားဘဝ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီ ထင်ခဲ့ကြပေမယ့် ဒီရာသီ ၂ ဂိုးသာ သွင်းရသေးကာ ရုန်းကန်နေရပြန်ပါတယ်။
ချယ်ဆီး အသင်း အနေနဲ့ ဆန်ချို ကို အပြီး ဝယ်ပါ့မယ် လို့ အငှားစာချုပ်ထဲ ချုပ်ဆိုခဲ့တာ အတွက် နောင်တကြီးစွာ ရနေလောက်ပြီ လို့ ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ် ပါကာက မှတ်ချက်ပြုခဲ့ပါတယ်။