မထူးတဲ့ ဇာတ်သိမ်း နဲ့ အတူ အဝေးကွင်းမှာ ယူနိုက်တက်တို့ စပါးကို ဘယ်လို ရှုံးခဲ့သလဲ..
ညကပွဲမှာတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းတာချင်းလည်းတူ၊ ဒဏ်ရာပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာချင်းလည်း တူနေတဲ့ နှစ်သင်းဆုံတွေ့တဲ့ပွဲမှာ အိမ်ရှင်စပါးအသင်းက မက်ဒီဆင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ တစ်သင်းလုံးနီးပါး ဒဏ်ရာရနေတာကြောင့် အကယ်ဒမီကစားသမား ၈ ဦးအထိ အရန်စာရင်းမှာပါဝင်ခဲ့ပေမဲ့ အမော်ရင်က ပွဲပြီးခါနီးမှာ လူငယ်တိုက်စစ်မှူးအိုဘီမာတင်တစ်ယောက်ကိုပဲ လူစားဝင်ကစားစေခဲ့ပါတယ်။
စပါးအသင်းမှာ နံပါတ် ၁ ဂိုးသမား ဗစ်ကာရီယို အချိန်ကိုက် ဒဏ်ရာက သက်သာလာပြီး နိုဝင်ဘာလနောက်ပိုင်း ပထမဆုံး အကြိမ် ပွဲထွက်ပြန်ကစားနိုင်တာက ယူနိုက်တက်အတွက် ကံဆိုးမှုတစ်ခုလို့ပဲပြောရမှာပါ။
ဗစ်ကာရီယိုဟာ အခုပွဲမှာ လက်စွမ်းပြနိုင်ခဲ့သလို ဂါနာချိုရဲ့ဂိုးသွင်းခွင့်တွေကိုလည်း ကာကွယ်ခဲ့ပါတယ်။
ပထမပိုင်းမှာ စပါးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမဲ့ ဂိုးသွင်းခွင့်တွေကတော့ နှစ်သင်းစလုံး သိပ်မကွာဘဲ စပါးအသင်းက ဂိုးပေါက်ကန်ချက် ၅ ကြိမ်၊ ဂိုးပေါက်တည့်မှု ၃ ကြိမ်၊ ယူနိုက်တက်က ဂိုးပေါက်ကန်ချက် ၈ ကြိမ်၊ ဂိုးပေါက်တည့်မှု ၂ ကြိမ်ရခဲ့ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာပဲ ဘာ့ဂ်ဗဲလ်ရဲ့ကန်ချက်ကို အိုနာနာ ပုတ်ထုတ်နိုင်ပေမဲ့ မက်ဒီဆင်က ပြေးဝင်ပိတ်သွင်းခဲ့လို့ စပါး အဖွင့်ဂိုးရခဲ့ပါတယ်။
၁၀ မိနစ်လောက်အကြာမှာပဲ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် ခင်းပေးတာကနေ ဂါနာချို လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရပေမဲ့ ဂိုးပေါက်တောင် မတည့်ဘဲ ဆိုးဆိုးရွားရွားပဲ ဂိုးပေါ်ထောင်ခဲ့ပါတယ်။
အခုပွဲမှာ ဇာ့ခ်ဇီရဲ့ကြိုးစားအားထုတ်မှုကိုတော့ ချီးကျူးရမှာဖြစ်ပြီး အရင်လို လေးတိလေးကန်ပုံစံ မဟုတ်ဘဲ တိုးအား၊ ရုန်းအားကောင်းကောင်းနဲ့ ကစားသွားခဲ့တာကို တွေ့ရပါတယ်။
ဒုတိယပိုင်းမှာ ယူနိုက်တက်ကစားပုံ ပိုကောင်းလာပြီး စပါးအသင်းဘက်ကို ဖိအားပေးနိုင်ခဲ့ပေမဲ့ ဂါနာချိုရဲ့ဂိုးသွင်းခွင့် ၂ ကြိမ်ကို ဗစ်ကာရီယို ကာကွယ်ခဲ့သလို ဇာ့ခ်ဇီ အနီးကပ်ခေါင်းတိုက်ချက်က ဘေးထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
စပါးအသင်းကလည်း ဒုတိယဂိုးရဖို့ အပြန်အလှန်တိုက်စစ်ဆင်ပြီး ၄၉ မိနစ်ကနေ ၆၉ မိနစ်အတွင်း ဂိုးပေါက်ကန်ချက် ၁၂ ကြိမ်အထိပြုလုပ်ခဲ့ပေမဲ့ ဂိုးပေါက်တည့်မှုက ၂ ကြိမ်သာရှိခဲ့ပါတယ်။
မိနစ် ၇၀ ကျော်နောက်ပိုင်းမှာ ယူနိုက်တက်ကစားအား ကျသလိုဖြစ်ခဲ့ပေမဲ့ အမော်ရင်က လူငယ်တွေကို သိပ်အယုံအကြည်မရှိတဲ့ပုံကြောင့် လူစားမလဲဘဲ ဒီအတိုင်းဆက်ကစားစေပြီး ၉၁ မိနစ်ရောက်မှာ မကောင်းတတ်လို့ အိုဘီမာတင်ကို လူစားဝင်ကစားစေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ၁-၀ ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး စပါးအသင်းဟာ နိုဝင်ဘာလအစပိုင်း အက်စတွန်ဗီလာနဲ့ပွဲနောက်ပိုင်း ပထမဆုံး အိမ်ကွင်းနိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။