ယူနိုက်တက် နည်းပြ အလုပ်က ခက်၊ ပရီးမီးယားလိဂ်က အခက်ဆုံး ပြိုင်ပွဲလို့ စပါးနဲ့ပွဲအပြီးမှာ အေမိုရမ် ညည်းချင်းချ

စပါးစ်ကို ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာသို့ ကျရောက်ပြီးနောက် ယူနိုက်တက်နည်းပြအလုပ်မှာ အလွန်ခက်ခဲကြောင်း ရူဘင်အေမိုရမ်က ပြောကြားလာပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြရဲ့ ယူနိုက်တက်ဟာ မနေ့ညတုန်းက စပါးစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၈ ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားအဆင့် ၁၅ နေရာသို့ ကျရောက်လာပါတယ်။

ယူနိုက်တက်ဟာ ကစားသမား ၁၂ ဦးအထိ ဒဏ်ရာပြဿနာကြုံရမှုနှင့်အတူ လူငယ်ကစားသမားများကို အရန်စာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။

အေမိုရမ်က “ပြဿနာတွေ အများကြီးရှိတယ်။ ကျုပ်အလုပ်အရမ်းခက်တယ်။ ဒါပေမဲ့ ယုံကြည်မှု လာမယ့်အပတ်အထိ ဆက်လုပ်ပြီး နိုင်ပွဲရယူဖို့ ထပ်ကြိုးစားမယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ပွဲချိန် ၁၇ မိနစ်တွင် ဂျိမ်းစ်မက်ဒီဆင် သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာပါ။ အေမိုရမ်ဟာ ပွဲချိန် ၇၀ မိနစ်အထိ ၁-၀ ဖြင့် ဦးဆောင်ခြင်းခံနေရပေမဲ့လည်း လူစားလဲလှယ်မှု မပြုလုပ်ဘဲ အချိန်ပိုရောက်တော့မှ အသက် ၁၇ နှစ်အရွယ် တိုက်စစ်မှူးချီဒိုအိုဘီကို ထည့်သွင်းခဲ့ပါတယ်။

ယူနိူက်တက်ဟာ ဒဏ်ရာပြဿနာများစွာ ကြုံရမှုနှင့်အတူ ချီဒိုအိုဘီ အပါအဝင် ဆယ်ကျော်သက်ကစားသမား ၈ ဦးအထိ အရန်စာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။

ဆက်လက်ပြီး အေမိုရမ်က “ကမ္ဘာ့အခက်ခဲဆုံးပြိုင်ပွဲပါ။ သူတို့ကို ဂရုတစိုက် သုံးရမယ်။ အသင်းဟာ ဂိုးအတွက် ဖိအားပေးကစားနေတယ်။ ဒီတော့ အပြောင်းအလဲလုပ်ဖို့ မလိုအပ်ဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ သူတို့ ကစားခွင့်ရလာမှာပါ။ ကစားသမားတွေကို ကူညီဖို့ ဒီကို ရောက်လာတာပါ။

ကျုပ်အခြေအနေ၊ ကျုပ်အလုပ်ကို နားလည်တယ်။ ကိုယ့်အလုပ်အပေါ်မှာလည်း ယုံကြည်မှု ရှိတယ်။ နိုင်ပွဲတွေပဲ ရယူချင်တာပါ။ အမှတ်ပေးဇယားအဆင့်အပေါ် စိုးရိမ်တယ်။ ကိုယ့်အခြေအနေအပေါ် မစိုးရိမ်ပါဘူး”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၇၄ ရာသီ(ပွဲစဉ် ၂၅ အပြီး ၁၃ ပွဲရှုံး)နောက်ပိုင်းတွင် ပွဲစဉ် ၂၅ အပြီးမှာ ၁၂ ပွဲအထိ အများဆုံးရှုံးပွဲ ကြုံထားပါတယ်။

၎င်းတို့ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ အာဆင်နယ်နှင့်ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၈ ပွဲအထိ ရှုံးနိမ့်ထားကာ လက်စတာ၊ ဆောက်သမ်တန်တို့ပြီးလျှင် ရှုံးပွဲအများဆုံးကြုံထားတဲ့အသင်းဖြစ်နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ပထမပိုင်းမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ယခုရာသီ ပထမပိုင်းသွင်းဂိုး ၉ ဂိုးတည်းသာ ရှိကာ လက်စတာ(၇)ပြီးလျှင် ပထမပိုင်းသွင်းဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။