စပါးစ်နဲ့ပွဲ လွဲခဲ့တာ နှလုံးရောဂါကြောင့်လား ဖြေရှင်းချက် ထုတ်လာတဲ့ ခရစ္စတီယန် အဲရစ်ဆင်

ခရစ္စတီယန် အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့အပတ် စပါးစ်ကို ရှုံးနိမ့်တဲ့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အား လွဲချော်ခဲ့ရတဲ့ အကြောင်းရင်းအား ရှင်းလင်းလာပါတယ်။

ဒိန်းမတ် လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ စပါးစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအား လွဲချော်ပြီးနောက် နှလုံးရောဂါအခြေအနေနှင့်ပတ်သက်ပြီး ပရိသတ်များ စိုးရိမ်ခဲ့ကြရပါတယ်။

အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတွင် နှလုံးဖောက်ကာ မေ့လဲကျပြီးနောက် နှလုံးခုန်စက်တပ်ဆင်ထားရသူလည်း ဖြစ်ပါတယ်။

ရူဘင်အေမိုရမ်က အသက် ၃၃ နှစ်ရှိ စပါးစ်နှင့် အင်တာမီလန်ကွင်းလယ်ကစားသမားဟောင်းအား ဂရုတစိုက်နှင့် ကိုင်တွယ်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ယခုအခါ အဲရစ်ဆင်က စပါးစ်နှင့်ပွဲအား လွဲချော်ခဲ့ခြင်းမှာ နလုံးရောဂါပြဿနာကြောင့် မဟုတ်ဘဲ ပုံမှန်ရာသီတုပ်ကွေးကြောင့်သာ လွဲချော်ခြင်းဖြစ်ကြောင်း ရှင်းလင်းလာပါတယ်။

အဲရစ်ဆင်က “စပါးစ်နဲ့ပွဲကို လွဲပြီးတဲ့နောက် သတင်းစကားတွေ ရရှိခဲ့ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုကာလမျိုးမှာ လူတိုင်း ကြုံရတတ်တဲ့ ရာသီတုပ်ကွေးကြုံရတာပါ။

ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ အခု လေ့ကျင့်ခန်းဆင်းဖို့ အသင့်နီးပါး ဖြစ်နေပါပြီ”လို့ အင်စတာဂရမ်တွင် ရေးသားလာပါတယ်။

အဲရစ်ဆင်ဟာ စနေနေ့ ဂူဒီဆင်ပါ့ခ်သို့ သွားရောက်ကာ အဲဗာတန်နှင့် ကစားရမဲ့ ပွဲအတွက် ယူနိုက်တက်လူစာရင်းမှာ ပါဝင်လာမလားဆိုတာ အတိအကျ မသိရသေးပါဘူး။

အဲဗာတန်ဟာ ယူနိုက်တက်အား ၁ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။