မန်ယူနဲ့ ဂျရတ် ဗီလာတို့ နိုင်ပွဲရခြင်း၊ ဒဏ်ရိုက်ခံရမယ့် ဘယ်လင်ဟမ်၊ ချန်ပီယံ ချဲလ်ဆီးအမျိုးသမီးများနဲ့ နံနက်ခင်း သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြရန်းနစ်ရဲ့ ပွဲဦးထွက် အဖြစ် ညက ခရစ္စတယ်ပဲလေ့စ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရာ ဖရက်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟောင်း စတီဗင် ဂျာရတ် နည်းပြနေတဲ့ အက်စ်တွန်ဗီလာအသင်းကတော့ မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ပွဲစဉ်မှာ ဂျရတ်ရဲ့ ဆရာဟောင်း ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ဝ တက်သွားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှုး အိုင်ကာဒီ ကို ပရီးမီးယားလိဂ်မှ လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

အက်သလက်တိုက်စစ်မှူး ဆွာရက်ဇ်က ပဲရစ်ရဲ့ အလွန်အေးချမ်းလှတဲ့ ရာသီဥတုဒဏ်ကို မက်ဆီအနေနဲ့ အပြင်းအထန် ခံစားနေရကြောင်း၊ အေးချမ်းလှတဲ့ ရာသီဥတုဒဏ်ကြောင့် မသက်မသာဖြစ်မိတယ်လို့ မက်ဆီက မိမိကို ဖွင့်ဟခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဘာစီလိုနာ ရောင်းထုတ်ချင်နေတဲ့ ကော်တင်ညို ထက် ကွင်းလယ်သမား ဒီဂျောင်ကို ခေါ်ယူလိုနေပါတယ်။ ဒီဂျောင်ကို ရဖို့ ဘာစီလိုနာ အလိုရှိနေတဲ့ တိုက်စစ်မှုး ကာဗာနီကို အလိုက်ပေး ညှိနှိုင်းဖို့လည်း ကြံရွယ်နေပါတယ်။

ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်ကို လုပ်ပွဲကစားတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဒေါ့မွန်ဟာ ပင်နယ်တီပေးခဲ့ရပြီး တစ်ယောက်အထုတ်ခံရကာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးအက်ဖ်အေဖလားဗိုလ်လုပွဲက ချဲလ်ဆီး အမျိုးသမီးက အာဆင်နယ်အမျိုးသမီးကို ၃ ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒီပွဲကို အာဆင်နယ်ကို အသာစီးကနေ ရယူပြီး တစ်ပွဲလုံး ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တာပါ။

ချဲလ်ဆီးအမျိုးသမီးအနေနဲ့ အက်ဖ်အေဖလားကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။ အမျိုးသမီး အက်ဖ်အေဖလား သမိုင်း တစ်လျှောက် အာဆင်နယ်က အအောင်မြင်ဆုံးဖြစ်ပြီး စုစုပေါင်း ၁၄ ကြိမ် ရယူထားနိုင်ခဲ့တာပါ။