စရိတ်လျှော့နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား လုပ်ခ လစာ စာရင်းတွေ ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ၅ နှစ်ဆက်တိုက် အရှုံးပေါ်ပြီးနောက် အမြတ်အစွန်းထွက်လာရေး လုပ်ဆောင်မှုအနေဖြင့် ဝန်ထမ်းလျှော့ချမှု ၂၀၀ အထိ ပြုလုပ်တော့မယ်လို့ လူသိရှင်ကြား ကြေညာထားပါတယ်။

ယင်းသို့ ယူနိုက်တက်ဘက်က ဝန်ထမ်းလျှော့ချလာမယ်လို့ ကြေညာလာပြီးတဲ့နောက် ကလပ်ရဲ့ လုပ်ခအသုံးစရိတ်စာရင်း ထွက်ပေါ်လာပါတယ်။

နည်းပြ အေမိုရမ်လက်ထက်မှာလည်း ယူနိုက်တက်ဟာ ကွင်းတွင်း ရလဒ်တိုးတက်လာခြင်း မရှိဘဲ ကစားကွက်အထိုင်ကျရေး ရုန်းကန်ရနေသလို ရလဒ်ကောင်းလည်း ရလာခြင်း မရှိပါဘူး။ တဖက်မှာ ယူနိုက်တက်ဟာ ကွင်းပြင်ပမှာလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ကြုံနေရပါတယ်။

အသင်းပူးတွဲရှင် ဆာဂျမ်ရက်ကလစ်ဖ်နှင့် Ineos Group ဟာ အငြင်းပွားစရာဆုံးဖြတ်ချက်များ ချမှတ်နေမှုနှင့်အတူ ပရိသတ် ဒေါသနှင့် ရင်ဆိုင်နေရပါတယ်။

၎င်းတို့ဟာ ဝန်ထမ်းလျှော့ချခြင်း၊ ပရဟိတအလှူငွေ မလှူတော့ခြင်း၊ ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ကို သံတမန် ရာထူးမှ ဖယ်ရှားခြင်းတို့ ပြုလုပ်ကာ အသုံးစရိတ်လျှော့ချနေသလို ဝင်ငွေတိုးလာရေးအတွက် လက်မှတ်ဈေးနှုန်းမြှင့်ထားပါတယ်။

တနင်္လာနေ့မှာတော့ ကလပ်က ဝန်ထမ်း ၂၀၀ အထိ လျှော့ချလာမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယင်းသို့ ကြေညာလာပြီးနောက် ယူနိုက်တက်ရဲ့ စူပါစတားကစားသမားများအတွက် လုပ်ခအသုံးစရိတ် ထွက်ပေါ်လာပါတယ်။

Capology ရဲ့ဖော်ပြလာမှုအရ ယူနိုက်တက်ရဲ့ တစ်ပတ်စာ လုပ်ခအသုံးစရိတ်က ပေါင် ၃၂၉၆၅၀၀ ရှိကြောင်း သိရပါတယ်။ တစ်နှစ်အသုံးစရိတ်က ပေါင် ၁၇၁၄၁၈၀၀၀ ဖြစ်ပါတယ်။

ယူနိုက်တက်စတားတွေထဲမှာ ကက်စ်မီရိုက တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဖြင့် လုပ်ခ အများဆုံးရ ကစားသမားဖြစ်နေပြီး ဘရူနိုဖာနန်ဒက်စ်က ပေါင် ၃၀၀၀၀၀ ဖြင့် ဒုတိယ၊ မေဆင်မောင့်က ပေါင် ၂၅၀၀၀၀ ဖြင့် တတိယလိုက်နေပါတယ်။

ယူနိုက်တက်ရဲ့လုပ်ခအများဆုံးရ ကစားသမားများထဲမှာ မားသီးယပ်စ်ဒီကလ်(ပေါင် ၁၉၅၀၀၀)၊ ဟယ်ရီမက်ဂွိုင်းယား(ပေါင် ၁၉၀၀၀၀)၊ လုပ်ခ်ရှော(ပေါင် ၁၅၀၀၀၀)၊ ခရစ္စတီယန်အဲရစ်ဆင်(ပေါင် ၁၅၀၀၀၀)၊ နူဆာမာ့ဇ်ရာဝီ(ပေါင် ၁၃၅၀၀၀)၊ မန်နူရယ်အူဂတ်တီ (ပေါင် ၁၂၀၀၀၀)တို့ ပါဝင်ကြပါတယ်။