ယာယာတိုရေးကို ကူချင်တဲ့ အာတီတာ၊ အကြံပေးအဖြစ် ပြန်လာနိုင်တဲ့ ဝင်းဂါးနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ်နည်းပြ အာတီတာက မန်စီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေးအနေနဲ့ အာဆင်နယ်မှာ နည်းပြပိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံယူချင်ရင် မိမိကို ဖုန်းဆက်ဖို့သာ လိုအပ်ကြောင်း လမ်းဖွင့်ပေးလိုက်ပါတယ်။

ဒဏ်ရာတွေကို ကျွမ်းကျင်သူ ဘန်ဒန်နရီက အာဆင်နယ်ကွင်းလယ်လူ ချာကာရဲ့ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဟာ လေးစားစရာ ကောင်းကြောင်း၊ လက်ရှိပုံစံအတိုင်းဆိုရင် ချာကာ အနေနဲ့ ဒီဇင်ဘာ လကုန်ပိုင်း လောက်မှာ ပြန် ကစားနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်ခဲ့ပါတယ်။

ဘရာဇီးဂန္ထဝင် ကစားသမားတွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ ရီဗယ်ဒိုတို့ဟာ Kopa ဆုအတွက် အာဆင်နယ်ကြယ်ပွင့် ဆာကာကို ထည့်သွင်း မဲပေးခဲ့ကြပါတယ်။ ဆာကာဟာ အာဆင်နယ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး Kopa ဆုအတွက်လည်း အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ကို ခေါ်ယူနိုင်ဖို့ စိုးရိမ်လာရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရီနာတိုဆန်းချက်စ်ကို ခေါ်ယူနိုင်ဖို့ပစ်မှတ်ထားနေပေမဲ့ အခုအခါ ဘာစီလိုနာကလည်း ကြိုးပမ်းလာခဲ့တာပါ။

အင်္ဂလန် ဂိုးသမားဟောင်း ပေါရော်ဘတ်ဆင်က အာဆင်နယ်အနေနဲ့ ရမ်ဒေးလ်ကို ခေါ်ယူလိုက်စဉ်တုန်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ငွေကြေး ပမာဏကို သံသယဝင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ရမ်ဒေးလ်ဟာ စိန်ခေါ်မှုတွေကို ကျေနပ်စွာ ရင်ဆိုင်နိုင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကို နည်းပြရဲ့ အကြံပေးအဖြစ်ပြန်လာနိုင်ကြောင်း သုံးသပ်လိုက်ပြီး လက်ရှိမှာအာတီတာက သင်ယူနေဆဲဖြစ်ပြီး အကူညီရယူဖို့ လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက အသင်းဟောင်း အဲဗာတန်နဲ့ ပြန်လည်ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ခက်ခဲမယ်လို့ မျှော်လင့်မိကြောင်း၊ အဲဗာတန်ဟာ လက်ရှိမှာ နိုင်ပွဲ လိုအပ်နေတဲ့ အသင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။