ဘရူနိုရဲ့ ထိုက်တန်မှု၊ ဒေါ်ဂူ အနီဂတ်၊ ဟီးရိုး မက်ဂွဲရား အပါအဝင် ယူနိုက်တက်ရဲ့ အစ်ဆွစ်ချ် ပွဲမှ ပြောစရာ အချက်များ
မန်ချက်စတာ ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညက အစ်ဆွစ်ချ်နဲ့ ပွဲမှာ ဆိုးရွားတဲ့ စတင်မှုကို ကျော်လွှားပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိင်ခဲ့ပါတယ်။ ဒီပွဲက ထူးခြားချက် အချို့ကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ်တကြိမ် ထိုက်တန်မှုကို ပြသခဲ့တဲ့ ဘရူနို
အဲဗာတန်နဲ့ပွဲမှာ လုပ်ခဲ့တဲ့အတိုင်းပဲ ဘရူနို ဖာနန်ဒက်စ်ဟာ အလွတ်တညိကန်ဘောကနေ သရဲနီတွေ ပြန်လာနိုင်မယ့် လမ်း ခင်းပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုက အစ်ဆွစ်ချ် ပင်နယ်တီဧရိယာထဲမှာ ကစဉ့်ကလျား ဖြစ်စေခဲ့ပြီး ဆမ် မော်ဆီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမိခဲ့တာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးတဲ့နောက် ဒီလိုက်တ်ရဲ့ သွင်းဂိုးကိုလည်း ထောင့်ကန်ဘောကနေတဆင့် ဖန်တီးပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ မန်ယူန်ုက်တက်ရဲ့ အနိုင်ဂိုးကို နောက်ထပ်ထောင့်ကန်ဘောကနေ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးဟာ ဖာနန်ဒက်စ်ရဲ့ တင်္ညကန်ဘောကနေ မန်ယူနိုက်တက်တို့ သွင်းယူနိုင်ခဲ့တဲ့ ၆ ဂိုးမြောက် ဂိုးဖြစ်ခဲ့ပြီး သရဲနီတွေအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်သာ မပါရင် ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်လို့တောင် မရပါဘူး။
ပင်နယ်တီဧရိယာထဲမှာ လျှောက်ပြေးနေခဲ့တဲ့ ဘောလုံး
မန်ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စတင်မှုကြောင့် အနှေးနဲ့ အမြန် ကံကောင်းမှု အချို့ကို ရှာတွေ့ဖို့ မျှော်လင့်ခဲ့မှာဖြစ်ပြီး အဲဒီအတိုင်းပဲဖြစ်ခဲ့လို့ ဦးဆောင်ခွင့် စတင်ရရှိခဲ့ပါတယ်။
ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို အစ်ဆွစ်ချ်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပြီး ဒါလော့တ်ရဲ့ ထပ်မံ ပိတ်သွင်းမှုကို အဲလက်စ် ပါလ်မာက ငြင်းပယ်နိုင်ခဲ့ပေမယ့် ဒီလိုက်တ်က သူ့ဆီ ရောက်လာတဲ့ ဘောလုံးကို အပြင်းကန်သွင်းပြီး အဆုံးသတ်ခဲ့တာာဖြစ်ပါတယ်။
ဒီရာသီ ဂိုးသွင်းယူဖို့ ရုန်းကန်နေရတဲ့ အခြေအနေကြောင့် အမိုရင်အနေနဲ့ သူ့အသင်းသားတွေဟာ တခြား လမ်းကြောင်းကနေ ဂိုးသွင်းယူနိုင်ခဲ့တာကို မြင်တွေ့ရလို့ စိတ်လှုပ်ရှားခဲ့မှာ သေချာပါတယ်။
ဒေါ်ဂူရဲ့ အနီကတ်
မန်ချက်စတာယူနိုက်တက်အတွက်တော့ ပထမပိုင်း အစောပိုင်း ပေးခဲ့ရတဲ့ အဖွင့်ဂိုးကြောင့် စိတ်ပျက်ခဲ့ရချိန်မှာ အဲဒီဂိုးအတွက် အပြစ်ရှိသူ ပက်ထရစ် ဒေါ်ဂူက ပထမပိုင်း မပြီးဆုံးခင်မှာပဲ အနီကတ် ထိသွားခဲ့လို့ ပိုလို့တောင် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
တဖက်ကကြည့်ရင် ဟတ်ချင်ဆန်ဟာ ကံကောင်းလို့သာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားခြင်းမရှိတာဖြစ်ပြီး အသပိုင်းမှာ အဲဒီဖျက်ထုတ်မှုအတွက် ပြစ်ဒဏ်ဘောသာ ပေးခဲ့ပေမယ့် VAR က ဒိုင်လူကြီးကို ဖြစ်စဉ်ကို လာရောက်စစ်ဆေးဖို့ ခေါ်ယူခဲ့ပြီးနောက် အနီကတ် ပြထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ငြင်းခုံဖို့ အလွန်ခက်ခဲပြီး ဒေါ်ဂူဟာ လက်ရှိမှာတော့ နောက်ပွဲ ၃ ပွဲကို လွဲချော်တော့မှာာ ဖြစ်ပါတယ်။
အခွင့်ကောင်းယူနိုင်ခဲ့တဲ့ အစ်ဆွစ်ချ်
တယောက်အသာနဲ့ အစ်ပ်ဆွစ်ချ်ဟာ မန်ချက်စတာယူနိုက်တက်ကို ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး သရဲနီတွေရဲ့ ခံစစ်အမှားကနေ နောက်ထပ် ဂိုးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဖီလိုဂျင်းက ပင်နယ်တီဧရိယာထဲကို ကန်တင်ပေးပို့ခဲ့ရာမှာ လီယမ် ဒီလက်ပ်က ပိတ်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘောလုံးကို မထိခဲ့ဘဲ ဂိုးထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။
သူရဲကောင်း ဖြစ်ခဲ့ပြန်တဲ့ မက်ဂွိုင်းယား
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မန်ချက်စတာယူနိုက်တက်ကို လက်စတာနဲ့ပွဲမှာ ကယ်တင်ခဲ့ပြီးနောက် အစ်ဆွစ်ချ်နဲ့ပွဲမှာ မက်ဂွိုင်းယားကပဲ နောက်ထပ်တကြိမ် ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ အများကြီး ပိုစောခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေတဆင့် လူကပ်မခံထားရတဲ့ မက်ဂွိုင်းယားက အလွယ်တကူပဲ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီသွင်းဂိုးဟာ ဗုဒ္ဓဟူးနေ့ညမှာ အမိုရင်ရဲ့ အသင်း တည်ကန်ဘောကနေ ရရှိခဲ့တဲ့ ၃ ဂိုးမြောက် ဂိုးဖြစ်ခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။