လူစားလဲတဲ့ အတွက် မကျေနပ်မှု ပေါ်တင် ပြသခဲ့တဲ့ ဂါနာချို လုပ်ရပ် အပေါ် အမိုရင် ရဲ့ တုန့်ပြန်စကား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အမိုရင်က အစ်ပ်ဆွစ်ချ်တောင်းကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ဥမင်ထဲကို ဒေါသတကြီး ဆင်းသွားခဲ့တဲ့ ဂါနာချိုနဲ့ စကားပြောသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
၄၃ မိနစ်မှာ ပက်ထရစ် ဒေါ်ဂူက ဟတ်ချင်ဆန်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂါနာချိုက စတေးခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လူစားလဲလှယ်ခံရမှုအပေါ်မှာ တုံ့ပြန်ခဲ့တဲ့ ဂါနာချိုရဲ့ အပြုအမူက ပြောစရာဖြစ်ခဲ့ပြီး ပွဲအပြီးမှာလည်း လူမှုကွန်ရက်ပေါ်မှာ စိတ်ပျက်မှုကို ပြသခဲ့တာဖြစ်ပါတယ်။
ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ဂါနာချိုအနေနဲ့ အဝတ်လဲခန်းထဲကို တိုက်ရိုက် ပြန်သွားခွင့် ပေးခဲ့သလားလို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာ အမိုရင်က မဲ့ပြုံးပြုံးပြီး အခုလို တုန့်ပြန်ခဲ့တာပါ။
” ရာသီဥတုက အရမ်း အေးပြီး စိုစွတ်နေလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တွေးမိတာက ကျွန်တော်တို့က ၅-၃-၁ ပုံစံနဲ့ ပိုကစားနေခဲ့ပြီး ဒါက စွန့်စားရာကျတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တယောက်ချင်း မြန်နှုန်း ရှိတဲ့ ကစားသမားကိုပဲ ခင်ဗျား ထုတ်ခဲ့ရတာမို့လို့ပါ။
ဒါပေမယ့် အသင်းက ပွဲကို ထိန်းချုပ်တဲ့နေရာမှာ အဆင်ပြေခဲ့ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ လူစားလဲခဲ့တယ်။ ကျွန်တော်တို့ တယောက်ယောက်ကို ဝင်ကစားခိုင်းဖို့ ရွေးချယ်ခဲ့ရပြီး တည်ကန်ဘောတွေကိုလည်း စဉ်းစားခဲ့ရတယ်။ အဲဒီတော့ ဒါက ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ။ “လို့ နည်းပြ အမိုရင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။