မန်ချက်စတာ ယူနိုက်တက်က ဘက်စုံ လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ် လို့ အေမိုရမ် ပြောကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က ကလပ်မှာ ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်စေမဲ့ ကွင်းတွင်း ကွင်းပြင် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အဲဗာတန်နှင့် ခက်ခက်ခဲခဲကစားကာ သရေကျခဲ့သလို အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဝန်ထမ်း ၂၀၀ တို့အား လျှော့ချလာပါဦးမယ်။

ယင်းနောက် ယူနိုက်တက်ဟာ ကြားရက်တုန်း တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အစ္စဝှစ်ချ်ကို တစ်ယောက်အလျှော့ဖြင့် ကစားကာ ၂-၁ ဖြင့် အရေးပါတဲ့ နိုင်ပွဲ ရရှိခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက ကလပ်ရဲ့ လက်ရှိဘဝမှာ ခက်ခဲနေပေမဲ့လည်း ကောင်းမွန်တဲ့ အနာဂတ်ပိုင်ဆိုင်လာမှာ ဖြစ်ကြောင်း ဆိုလာပါတယ်။

အေမိုရမ်က “ရှင်းလင်းတဲ့ လမ်းကြောင်းမြင်နိုင်တယ်။ သူတို့ဟာ ခက်ခဲတဲ အပြောင်းအလဲတွေ လုပ်နေတယ်။ လူကြိုက်တော့ မများဘူး။ ဒါပေမဲ့ အမြင်တစ်ခု ရှိနေလို့ လုပ်နေတာပါ။

အနာဂတ်မှာ ရလဒ်တချို့ မြင်ရဖို့တော့ လိုတယ်။ အပြောင်းအလဲအများကြီး လုပ်နိုင်တယ်။ ဒါပေမဲ့ ရလဒ်မရှိလို့တော့ မရဘူး။ ရလဒ် မရှိရင် လူတွေ ယုံကြည်မှု ရှိမှာ မဟုတ်သလို ပျော်လည်း ပျော်မှာ မဟုတ်ဘူး။ ကောင်းတာကတော့ ရှင်းလင်းတဲ့ လမ်းကြောင်းရှိနေတာပါ။

အခု ခက်ခဲနေတယ်။ ဒါပေမဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရနိုင်မဲ့အရာတွေကို လုပ်နေတာပါ”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ယနေ့ညမှာ အိုးထရက်ဖို့ဒ်ကွင်းတွင် အက်ဖ်အေဖလား ပဉ္စမ အဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နှင့် ရင်ဆိုင်ကစားရပါမယ်။

၎င်းတို့ဟာ လာမယ့် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် ဆိုစီဒက်နှင့် ရင်ဆိုင်ရပါဦးမယ်။