နွေမှာ ဂိုးသမားသစ် တစ်ဦး ခေါ်ဖို့ ပလန်ထည့်ထားတဲ့ မန်ယူနိုက်တက်နဲ့ လက်ရှိဂိုးသမား အိုနာနာ ရဲ့ အလားအလာ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဂိုးသမားနေရာအတွက်လည်း ကစားသမားသစ် ခေါ်ယူဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ပင်တိုင်ဂိုးသမား အန်ဒရေ အိုနာနာကိုတော့ အသင်းကနေ ရောင်းထုတ်သွားဖွယ် မရှိဘဲ အသင်းမှာသာ ဆက်ထားရှိသွားနိုင်တယ်လို့ သိရပါတယ်။

နည်းပြဟောင်း အဲရစ် တန်ဟက် လက်ထက်မှာကတည်းက အင်တာမီလန်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ အင်တာမှာ တည်ငြိမ်တဲ့ လက်စွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာ လက်ခံလို့မရတဲ့ အမှားတွေ လုပ်မိခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု စိတ်ပျက်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် အိုနာနာဟာ သူ့အမှားတွေကြောင့် ခွင့်ပြုခဲ့ရတဲ့ ဂိုးအရေအတွက်က ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာ အသင်းမှာ ဆယ်စုနှစ်တာအတွင်း ပြုလုပ်မိခဲ့တဲ့ အမှားတွေထက်တောင် ပိုများနေရပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက လာမယ့်ဈေးကွက်မှာ အိုနာနာကို ရောင်းချပြီး ဂိုးသမားသစ်တစ်ဦးကို ပြန်ခေါ်ယူစေချင်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေသေးတဲ့ အိုနာနာကို အသင်းမှာသာ ဆက်လက် ထားရှိသွားဦးမှာဖြစ်ပြီး အသင်းအတွက် ဂိုးသမားသစ်တစ်ယောက် ခေါ်ယူဖြည့်တင်းခဲ့ရင်တောင်မှ အိုနာနာနဲ့ ပွဲထွက်ဂိုးသမား နေရာအတွက် အပြိုင်အဆိုင် ဖြစ်စေဖို့သာ ရည်ရွယ်ဖွယ် ရှိနေပါတယ်။

လာမယ့်ရာသီမှာ အသင်းရဲ့ တတိယ ဦးစားပေး ဂိုးသမား တွမ် ဟီတန် ကစားသမားဘဝကနေ အနားယူဖို့ ရှိနိုင်ပြီး ဘာယင်ဒါကလည်း ပွဲကစားခွင့်တွေ ရရှိဖို့ အသင်းကနေ ထွက်ခွာဖို့ ရှိနိုင်ပါတယ်။

ဒါ့အပြင် အိုနာနာကလည်း အာဖရိကဖလားပြိုင်ပွဲကြောင့် တစ်လနီးပါးလောက် လက်လွတ်ရနိုင်တဲ့ အခြေအနေကြောင့် ဂိုးသမားသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူရနိုင်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်က မန်စီးတီး ဂိုးသမားဟောင်းဖြစ်တဲ့ ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူသွားချင်နေပြီး ဒီဂိုးသမားကို နယူးကာဆယ်ကလည်း ခေါ်ယူချင်နေတာကြောင့် လာမယ့်နွေမှာ အပြိုင် ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။

အသက်(၂၂)နှစ်အရွယ် အင်္ဂလန် ဂိုးသမား ထရက်ဖို့ဒ်ဟာ ဒီရာသီမှာ ဘန်လေအတွက် clean sheets (၂၄)ပွဲအထိတောင် ရယူထားနိုင်ခဲ့ပါတယ်။