ဒါလော့ကို စိတ်တိုနေတဲ့ ဟွိုင်လန်း အဖြစ်ကို ယူနိုက်တက် ပရိသတ်များ နားလည် စာနာနေ

ညက ကစားခဲ့တဲ့ ရီးရဲလ် ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်းဟာ အသင်းဖော် ဒါလော့ ကို အကြီးအကျယ် ဒေါသထွက် ပေါက်ကွဲခဲ့ပါတယ်။

ဒီရာသီမှာ ဂိုးရဖို့ ရုန်းကန်နေရတဲ့ ဟွိုင်လန်းဟာ ဒီဇင်ဘာလတုန်းက ဗစ်တိုးရီးယားပါလ်ဇန်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးနောက်ပိုင်းကတည်းက ဂိုးမသွင်းနိုင်တော့ပါဘူး။

အခု ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်၊ ပထမအကျော့အဖြစ် ဆိုစီဒက်နဲ့အဝေးကွင်းပွဲမှာ အမော်ရင်က ဟွိုင်လန်းကို ပွဲထွက်အသုံးပြုခဲ့ပြီး ပွဲချိန်အတွင်း ဂိုးရဖို့ အကောင်းအနေအထားဖြစ်ခဲ့ပါတယ်။

ညာခြမ်းကနေ ဒါလော့ ဘောလုံးဆွဲပြေးလာပြီး ပယ်နယ်တီဧရိယာထဲကို ပြေးတက်လာတဲ့ ဟွိုင်လန်းဆီ ဘောလုံးချပေးရမဲ့အစား သူက တုံ့ဆိုင်းခဲ့တာကြောင့် ဟွိုင်လန်း သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းဆုံးရှုံးခဲ့ပါတယ်။

အဲဒီအတွက် ဟွိုင်လန်းက ဒါလော့ ကို ဒေါသတကြီး အပြစ်တင်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဟွိုင်လန်း ဒေါသပေါက်ကွဲမှုအပေါ် နားလည်ပေးခဲ့ကြကာ အခုလို မှတ်ချက်ပြုကြပါတယ်။

‘right back နဲ့ right wing back တို့ရဲ့ အရည်အချင်းကွာခြားချက်က ဘာလဲဆိုတာ အခု မြင်လိုက်ရပါပြီ’

‘ဟွိုင်လန်းဟာ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးကောင်းရခဲ့ပေမဲ့ ဒါလော့တ်က ဘောလုံးမပေးခဲ့တာကြောင့် ဒေါသပေါက်ကွဲခဲ့ပါတယ်။ တကယ်လည်း ဟွိုင်လန်း ဒေါသထွက်သင့်ပါတယ်’

‘ဒါလော့ ဟာ ဟွိုင်လန်းဆီ သေချာပေါက် ဘောလုံးပေးသင့်ပေမဲ့ သူက ဟွိုင်လန်းကို လစ်လျူရှုခဲ့ပါတယ်’

‘ဟွိုင်လန်းအတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ သူက ပယ်နယ်တီဧရိယာထဲကို အကောင်းဆုံးပြေးသွားပေမဲ့ ဒါလော့ က ဘောလုံးမပေးခဲ့ပါဘူး’

‘ဟွိုင်လန်းဆီ လွယ်လွယ်ကူကူ ဘောလုံးပေးလိုက်ရင် ဟွိုင်လန်းက ဂိုးသမားနဲ့တစ်ယောက်ချင်း ကန်ရုံပါပဲ’လို့ အွန်လိုင်းမှာ ယူနိုက်တက် ပရိသတ်တွေက ရေးသားခဲ့ပါတယ်။