ဖာနန်ဒက်စ် ဖရီးကစ်ဂိုးက ကံကောင်းတာကြောင့်လည်း ပါကြောင်း ဝန်ခံခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆင်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ခရစ်ရှန် အဲရစ်ဆင်က ဒိုင်လူကြီး အန်သိုနီ တေလာရဲ့ အမှားကြောင့် အာဆင်နယ် လူတံတိုင်းက နောက်ရောက်နေခဲ့တာက ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ရရှိဖို့ အကူအညီဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်က ဂိုးသွင်းယူနိုင်ခဲ့ပြီး ဧည့်သည်တွေအတွက် ဒီကလန် ရိုက်က ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အန်သိုနီ တေလာက အာဆင်နယ်ရဲ့ လူတံတိုင်းကို ၁၀ ကိုက်အစား ဘရူနို ဖာနန်ဒက်စ်ဆီကနေ ၁၁.၂ ကိုက်အကွာမှာ နေရာယူစေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ အဲဒီဖြစ်စဉ်ဟာ ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေက ဒုတိယပိုင်းမှာ အာဆင်နယ်လိုမျိုး နောက်ကို အတင်းဆုတ်ခိုင်းချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ပထမပိုင်း အလွတ်တည်ကန်ဘော သွင်းဂိုးနဲ့ပတိသက်ပြီး မေးမြန်းခဲ့ချိန်မှာ အဲရစ်ဆင်က အခုလို ဆိုခဲ့ပါတယ်။

“အရမ်းကောင်းတဲ့ ဂိုးပါ။ လူတံတိုင်းက ၁၅ မီတာလောက်အကွာမှာရှိနေတာကို မြင်ရတာ ပျော်ရွှင်မိပါတယ်။ သူတို့တွေ ဘယ်လောက်အထိ နောက်ရောာက်နေခဲ့လဲဆိုတာ ခင်ဗျား မြင်မှာပါ။

အဲဒါက ကျွန်တော်တို့အတွက် အကျိုးအမြတ်ဖြစ်စေခဲ့ပါတယ်။ ဂိုးဝင်သွားပြီးတဲ့နောက် ကွင်းထဲက ပရိသတ်တွေဆီက စိတ်သက်သာရာရမှုကို ခင်ဗျား ခံစားမိခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။