ခြေစွမ်းမကောင်းဘဲ လစာမြင့် ပေးထားရတဲ့ မန်ယူ ကစားသမား ၅ ဦးကို ရက်ကလစ်ဖ်က အမည်တပ် ဖော်ထုတ်ပြီး ကြိတ်ပြီ
မန်ချက်စတာ ယူနိုက်တက် အသင်း ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ် ကတော့ သူတို့ ဝယ်ခဲ့တာ မဟုတ်ဘဲနဲ့ ခြေစွမ်း မကောင်းသည့်တိုင် လစာများစွာ ပေးနေရတဲ့ ကစားသမားတွေ ရှိတယ်လို့ အမည်တပ်ကာ အသင်းသား ၅ ဦးကို ထောက်ပြခဲ့ပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက် ကို ပူးတွဲပိုင်ရှင် အဖြစ် တာဝန်ယူတည်းက အသင်း အသုံးစရိတ်ပိုင်း လျှော့ချမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်နေပြီး ဝန်ထမ်းလျှော့ချမှုတွေလည်း လုပ်ထားသူပါ။
ယူနိုက်တက် ကစားသမားတွေကို အခုလို အမည်တပ်ကာ လူသိရှင်ကြား ထုတ်ဖော် ပြောလာတာက သူရှင်းထုတ်လိုကြောင်း ပေါ်တင် အသိပေးလာတာလည်း ဖြစ်ပါတယ်။
” ကျွန်တော်တို့ နွေမှာ ဘယ်ကစားသမားတွေ ဝယ်မယ် ဆိုတာထက် ကျွန်တော်တို့ မဝယ်ခဲ့တဲ့ ကစားသမားတွေ ကိစ္စလည်း လုပ်ရဦးမယ်။ အသင်းက ဝယ်ထားခဲ့တဲ့ အန်တိုနီ၊ ကာဆီမီရို၊ အိုနာနာ၊ ဟွိုင်လန်း၊ ဆန်ချို .. ဒီလူတွေ ရှိနေတယ်။
ကျွန်တော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒီ ကစားသမား ဝယ်ထားတာတွေကို ဆက်ခံပြီး ဖြေရှင်းရတာတွေ လုပ်ရတယ်။
ဆန်ချို ဆိုရင် အခု သူ ချယ်ဆီး အတွက် ကစားနေတယ် ဆိုပေမယ့် သူ့လစာ တဝက်ကို အသင်းက ပေးထားရတယ်။ နွေမှာ သူ့ကို အပြီး ရောင်းချဖို့ အတွက် ပေါင် ၁၇ သန်း ကျွန်တော်တို့ ပေးထားရတယ်။ ” လို့ ရက်ကလစ်ဖ်က ဖော်ထုတ် ပြောလာခဲ့တာပါ။
ဘရာဇီး တောင်ပံတိုက်စစ်သမား အန်တိုနီကလည်း ယူနိုက်တက် ပေါင် ၈၁ သန်းခွဲနဲ့ ဝယ်ခဲ့ပေမယ့် အသင်းမှာ ခြေစွမ်း မပြနိုင်လို့ ရီးရဲလ်ဘက်တစ်ထံ အငှား ချထားရတာပါ။

ဆန်ချို ကို ပေါင် ၇၃ သန်း၊ ကာဆီမီရို ကို ပေါင် သန်း ၇ဝ၊ ဟွိုင်လန်းကို ပေါင် ၇၂ သန်း၊ အိုနာနာ ကို ပေါင် ၄၇.၂ သန်း နဲ့ ယူနိုက်တက်က အသီးသီး ဝယ်ထားခဲ့ပြီး ဒီကစားသမားတွေ အားလုံးက မန်ချက်စတာ မှာ ဝေဖန်မှုတွေ ခံယူနေရတာပါ။
” ဒီ ကစားသမားတွေထဲမှာ တချို့က လုံလောက် ကောင်းမွန်မှု မရှိဘူး၊ တချို့က ဖြစ်သင့်တာထက် လစာတွေ အများကြီး ပို ပေးထားတယ်။ ကျွန်တော်တို့ အတွက်ကတော့ အသင်း လူစာရင်းကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ အချိန်ယူ အထိုင်ချသွားရမှာပဲ။ ” လို့ ရက်ကလစ်ဖ်က ပြောင်းလဲမှုတွေ လုပ်မယ့် အကြောင်း အသိပေးသွားပါတယ်။